၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် SIM Cardများ စံနစ်တကျ ပြန်လည် မှတ်ပုံတင် နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသောစစ်ဆေးနိုင်မည့် နည်းလမ်းများဖြင့် မိမိသုံးစွဲနေသော SIM Card သည် မိမိ၏ ကိုယ်ရေးအချက်အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card မှန်/မမှန် စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များတွင်လည်းကောင်း သတ်မှတ်ရက်အတွင်း ပြန်လည်မှတ်ပုံတင်ကြပါရန် (၂၃-၀၂-၂၀၂၀)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများနှင့် လူမှု ကွန်ရက် မီဒီယာ များမှ အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား /နိုင်ငံသားပြု/ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား)၊ နိုင်ငံခြားသားများအတွက် Passport တစ်ခုခုဖြင့် (၂) ကတ် ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက် အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်းမှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး (၃၀-၆-၂၀၂၀) နောက်ပိုင်း အပြီးသတ် ပိတ်သိမ်းသွားမည်ဖြစ်ပါကြောင်းထပ်မံအသိပေး အပ်ပါသည်။
၃။ သို့ဖြစ်ပါ၍ သုံးစွဲသူများအနေဖြင့် မိမိတို့အမှန်တကယ်သုံးစွဲနေသော SIM Card များကို ပိတ်သိမ်းခံရမှုမရှိစေရေးအတွက် မိမိတို့၏ SIM Card များကို မှန်ကန်စွာ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန