ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပသည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး နှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးများ (5th ASEAN Digital Senior Officials’ Meeting – 5th ADGSOM and Related Meetings with Dialogue Partners) များသို့ ADGSOM Leader ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ခြင်း

 

၁။       အာဆီယံအဖွဲ့ဝင်နိုင်ငံများက အာဆီယံဒစ်ဂျစ်တယ်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား အလှည့်ကျ အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိရာ (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆွေးနွေးဖက် နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးများ (5th ASEAN Digital Senior Officials’ Meeting – 5th ADGSOM and Related Meetings with Dialogue Partners)  ကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ (ADGSOM Leader) ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဒစ်ဂျစ်တယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များ၊ ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအိုင်စီတီစင်တာနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း  ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

၂။       အစည်းအဝေးတွင် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ Theme ဖြစ်သည့် “လုံခြုံမှု၊ တီထွင်ဆန်းသစ်မှု၊ အားလုံးပါဝင် နိုင်မှုတို့ဖြင့် အာဆီယံ၏ ဒစ်ဂျစ်တယ်အနာဂတ်ကို ဖော်ဆောင်ခြင်း (Secure, Innovative, Inclusive: Shaping ASEAN’s Digital Future)” ၏ ရည်မှန်းချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရေး၊ အာဆီယံဒေသတွင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးသို့ (5th ADGMIN Meeting) သို့ တင်ပြ အတည်ပြုချက်ရယူနိုင်ရေး စသည်တို့ကိုဆွေးနွေးခဲ့ကြပါသည်။

၃။       ညွှန်ကြားရေးမှူးချုပ်(ADGSOM Leader) ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ (၁၆) ရက်နေ့နှင့် (၁၇) ရက်နေ့တို့တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး (ADGMIN Leader) တက်ရောက်သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးများ (5th ASEAN Digital Ministers’ Meeting – 5th ADGMIN and Related Meetings with Dialogue Partners) သို့ လည်း ဆက်လက်တက်ရောက်ခဲ့ကြပါသည်။