ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဉီးသာဉီး မြန်မာ့စာတိုက်လုပ်ငန်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်စာတိုက်ကြီး (၁၂)နှစ်ပြည့် ချည်ရတုအခမ်းအနားသို့ တက်ရောက်မှာကြား

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးနှင့် နေပြည်တော်စာတိုက်ကြီး၏ (၁၂)နှစ်ပြည့် ချည်ရတု အခမ်းအနားအား ဇွန်လ (၂၇)ရက် နံနက်ပိုင်း နေပြည်တော်ဗဟိုစာတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဉီးသာဉီးမှ  တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးမှ မိမိ၏ ကိုယ်ကျိုးအရေး၊ စိတ်၏ခံစားချက်ကို ဦးစားပေးနေသော အတ္တဆန်သည့်လုပ်ရပ်များ မပြုလုပ်ကြရန်၊ ရာထူးအဆင့်နှင့်လျော်ညီသော တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံတတ်ရန်၊ စည်းကမ်း၊ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ မိမိကိုချစ်အောင်မနေပဲ ဘက်လိုက်မှုကင်း စွာဖြင့် ပြတ်ပြတ်သားသားစီမံအုပ်ချုပ်ကြရန်၊ (အထူးသဖြင့် တစ်ကျပ်တစ်ပြားမှစ၍ ငွေကြေးအဂတိ လိုက်စားမှု လုံးဝမပြုလုပ်ကြရန်)၊ မြန်မာ့စာတိုက်လုပ်ငန်းကို မိမိ၏ ကိုယ်ပိုင်စီးပွားရေးကဲ့သို့မှတ်ယူ၍ သုံးငွေများကို စိစိစစ်စစ်သုံးစွဲပြီး ဝင်ငွေများတိုးတက်ရရှိစေရန် အစဉ်အမြဲ နည်းလမ်းရှာဖွေ စဉ်းစားဆောင်ရွက်ကြရန်၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းသစ်များကို သင်တန်းပို့ချရန်၊ မလှုပ်မရှုပ်မပြုတ်၊ ဘေးထိုင်ဘိုင်ကျဘုပြော၊ ဝန်ကြီးဌာန၏ အမိန့်နှင့် ညွှန်ကြားချက်နှင့် ရုံးချုပ်၏ အမိန့်နှင့် ညွှန်ကြားချက်များကို ကန့်လန့်တိုက်တက်သော စိတ်ဓာတ်များ ဖျောက်ဖျက်ကြရန်၊ မိမိ၏ အလုပ်အားစေတနာထားဆောင်ရွက်ကြရန်နှင့် စည်းကမ်းမဖောက်ဖျက်ကြရန် လုပ်ငန်း ဆောင်ရွက်ရာတွင် မိမိအရည်အသွေးတိုးတက်စေရေးအတွက် မိမိကိုယ်မိမိ အတက်ပညာ ဝမ်းစာ (ကွန်ပျူတာနှင့်အိုင်တီနည်းပညာ) များကို အစဉ်ဖြည့်ဆည်းဆောင်ရွက်ထားရန်၊ ဝန်ထမ်းသည်တာဝန်ကို ရွေးချယ်ခွင့်မရှိပဲ တာဝန်ကဝန်ထမ်းကို ရွေးချယ်နေသည်ကို အမြဲတမ်း မှတ်ယူထားရန်၊ အရူံးများနေရာမှ အရင်းကျေသော မြန်မာ့စာတိုက်အဖြစ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ကိုယ်စီတာဝန်ကျေပွန်စွာဖြင့် ယခုထက်ပို၍ ကြိုးစားဆောင်ရွက်ကြရန်၊ ပြည်သူတွေအတွက် စာတိုက်ကို အသုံးဝင်တဲ့နေရာတစ်ခုအဖြစ် အသုံးချစေရန်၊ အသုံးဝင်အောင်လည်း နည်းမျိုးစုံနဲ့ သမားရိုးကျစာတိုက်အဖြစ်ကနေ ထပ်ဆောင်း ဝန်ဆောင်မှု (Value Added Services) လုပ်ငန်းမျိုးစုံဆက်လက်တိုးချဲ့ဆောင်ရွက်ရန်၊ စာတိုက်ကို ပြည်သူတွေအသုံးပြုလာတာနဲ့တစ်ပြိုင်နက် စာတိုက်ရဲ့အရူံးတွေကို ကာမိစေပြီး နိုင်ငံတော်က စိုက်ထုတ်ကျခံပေးနေရမှုတွေကိုလည်း လျော့ကျစေရန်၊ ပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ဆဲကာလမှာ အထူးသဖြင့် ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ပြုပြင်ခြင်းနှင့် အားပေးတိုက်တွန်းမှုတွေကို အောက်ခြေ ဝန်ထမ်းအထိ ဆောင်ရွက်ပေးရန်၊ Myanmar Post Vision အတိုင်း “ လူတိုင်းအတွက် မြန်မာ့စာတိုက်” Myanmar Post For Everyone ဖြစ်စေရန် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသွားပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော်ဗဟိုစာတိုက်ကြီး (၁၂)နှစ်ပြည့် ချည်ရတုအထိမ်းအမှတ် အခမ်းအနားအဖြစ် ကျင်းပသော မြန်မာနိုင်ငံ တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များနှင့် ပူးပေါင်းပြသသည့် တံဆိပ်ခေါင်းသမိုင်းများ ခေတ်အဆက်ဆက် ရှားပါးတံဆိပ်ခေါင်းများအား လှည့်လည် ကြည့်ရှုပြီး ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။