အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်၏ အိုင်စီတီဆိုင်ရာဝန်ကြီးများအစည်းအဝေး ၂၀၁၉ နှင့် Straits Digital Exchange သို့ ပြည်ထောင်စုဝန်ကြီး ဉီးသန့်စင်မောင် တက်ရောက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်(APT)၏ အိုင်စီတီဆိုင်ရာဝန်ကြီးများ အစည်းအဝေး ၂၀၁၉ သို့ တက်ရောက်၍ အာရှ-ပစိဖိတ်ဒေသအတွင်း အိုင်စီတီကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက် နိုင်စေရေး ရည်ရွယ်လျက် Digital Transformation, Digital Innovation and Creativity, Digital Community, Digital Thrust နှင့် Digital Capacity Building and Partnership ဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက် သွားနိုင်ရေး အခြားအာရှ-ပစိဖိတ်ဒေသဆိုင်ရာ အိုင်စီတီဝန်ကြီးများနှင့်အတူ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြား ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးသည် Digital Transformation, Digital Innovation and Creativity ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ပေါ် ဆောင်ရွက် နေမှုများ၊ ကြုံတွေ့လျက်ရှိသည့် စိန်ခေါ်မှုများကို Speaker တစ်ဉီးအဖြစ် ပါဝင်မျှဝေ ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးသည် (၅)နှစ်လျှင်တစ်ကြိမ်ကျင်းပသော အစည်းအဝေးတစ်ခု ဖြစ်ပြီး ယခုနှစ်သည် အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်(APT)အား ဖွဲ့စည်း တည်ထောင်ခဲ့သည့် နှစ်(၄၀) ပြည့်မြောက်သည့် နှစ်ပတ်လည်ကာလနှင့်လည်း တိုက်ဆိုင် လျက်ရှိပါသည်။ အစည်းအဝေးကို စင်္ကာပူနိုင်ငံ၊ စင်္ကာပူမြို့တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်မှ (၂၆) ရက်နေ့အထိ ကျင်းပခဲ့ရာ အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေး အဖွဲ့ဝင် နိုင်ငံများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာကြေးနန်းအဖွဲ့ချုပ်(ITU)မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် UNESCAP (United Nations Economic and Social Commission for Asia and the Pacific) တို့မှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်းကိုယ်စားလှယ် (၂၀၀) ကျော်ခန့် တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေးတွင် ၂၀၁၄ ခုနှစ် အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (APT) ၏ ဘရူနိုင်းကြေညာစာတမ်းအပေါ် ဆောင်ရွက်နိုင်မှု အခြေအနေများသုံးသပ်ခြင်း၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် (၅)နှစ်တာ ကာလအတွက် စုပေါင်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည့် အစီအမံများကို ဆွေးနွေးခြင်း၊ ဒစ်ဂျစ်တယ် နည်းပညာဖြင့် လွှမ်းခြုံ ချိတ်ဆက်မှုရှိသော အာရှ-ပစိဖိတ်ဒေသ ဖြစ်လာစေရေးအတွက် တိုးတက်ပြောင်းလဲ လာသော ဒစ်ဂျစ်တယ်နှင့် အိုင်စီတီနည်းပညာ များနှင့် ကိုက်ညီသည့် ရည်မှန်းချက် ပန်းတိုင်သစ်(၅)ရပ် ချမှတ်ခြင်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ကဏ္ဍ ဖွံဖြိုးတိုးတက်မှုများနှင့် ပြောင်းလဲ တိုးတက် လာသည့် နည်းပညာ ဆိုင်ရာကိစ္စရပ်များအပေါ် အမြင်များ ဆွေးနွေး ဖလှယ်ခြင်း၊ စင်္ကာပူ ကြေညာစာတမ်း ထုတ်ပြန်ခြင်း စသည်များဆောင်ရွက် ခဲ့ကြပါသည်။ အစည်းဝေးကာလအတွင်း ဇွန်လ(၂၅)ရက်နေ့တွင် စင်ကာပူသမ္မတနိုင်ငံ သမ္မတ Her Excellency Madam Halimah Yacob က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့လည်း အခြားအာရှ-ပစိဖိတ်ဒေသဆိုင်ရာ အိုင်စီတီ ဝန်ကြီးများ၊ ဧည့်သည်တော်များနှင့်အတူ တက်ရောက် ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ (၂၇) ရက်နေ့တွင် တစ်ဆက်စပ်တည်း ကျင်းပပြုလုပ်သည့် Digital Straits Exchange ဝန်ကြီးအဆင့် တံခါးပိတ်ဆွေးနွေးပွဲသို့ အခြား အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ သီးခြား ဖိတ်ကြားထားသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ Advance Remanufacturing and Technology Center(ARTC) သို့ သွားရောက်၍ သုတေသန ပြုလုပ်မှုနေမှုများအား လှည့်လည် ကြည့်ရှုလေ့လာခဲ့ပြီး ဇွန်လ(၂၈)ရက်နေ့တွင် မြန်မာအမျိုးသား လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သတင်းရရှိ ပါသည်။