သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ (ဒုတိယအကြိမ်) Basic Networking Course သင်တန်းဖွင့်ပွဲအခမ်းအနား

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ (ဒုတိယအကြိမ်) Basic Networking Course သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် e-Government ဌာန၊ Information Access Center (IAC) အဆောက်အဦရှိ သင်တန်းခန်းမတွင် ကျင်းပရာ သင်တန်းကျောင်းကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ သင်တန်းဆရာများ၊ သင်တန်းဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး ဌာန/အစိုးရအဖွဲ့အစည်း (၂၂) ခုမှ သင်တန်းသား (၂၅) ဦးတို့ တက်ရောက်ကြောင်း သိရပါသည်။
ရှေးဦးစွာ သင်တန်းကျောင်း ကျောင်းအုပ်က ဝန်ကြီးဌာနများအနေဖြင့် e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး၏ Network Infrastructure များ တည်ဆောက်ရာတွင် Networking အခြေခံသဘောတရားများ၊ အလုပ်လုပ်ဆောင်ပုံနှင့် မိမိတို့လုပ်ငန်းခွင်အသီးသီးတွင် ချိတ်ဆက်အသုံးပြုထားသည့် Network အမျိုးအစားများအား သိရှိနားလည်စေရန်၊ အခြေခံ Network components များအား Physically အရ ချိတ်ဆက်ပုံနှင့် Logically အရ ကွန်ယက်တည်ဆောက်ပုံများအား စာတွေ့လက်တွေ့သိရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေနှင့် ဌာနအတွက်ရော မိမိအတွက်ပါ အကျိုးရှိအောင် သင်တန်းတွင် ဆွေးနွေးပို့ချမည့်  အကြောင်း အရာများကို  အပတ်တကုတ်  ကြိုးစားလေ့လာသင်ယူကြပြီး ဌာနအတွက် အားကိုးအားထားရလောက်သည့် ဝန်ထမ်းများ ဖြစ်လာစေရန် ကြိုးစားကြဖို့ လိုအပ်ကြောင်း တိုက်တွန်း အမှာစကား ပြောကြား ခဲ့ပါသည်။
Basic Networking Course သင်တန်းကာလမှာ (၁၄.၂.၂၀၂၂) ရက်နေ့မှ (၂၅.၂.၂၀၂၂) ရက်နေ့အထိ ဖြစ်ပြီး သင်တန်းကာလ (၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အစိုးရအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ့ ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းစဉ်များတွင် နည်းပညာကျွမ်းကျင်မှု စွမ်းရည် ပိုမိုတိုးတက်စေရန်အတွက် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။