၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများသို့ ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများသို့ အားကစားနည်းအလိုက် ပါဝင် ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား တွေ့ဆုံခြင်း အခမ်းအနားကို နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅)၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများနှင့် အားကစားသမားများ စုံညီစွာ တက်ရောက်ကြပါသည်။

ပထမဦးစွာ အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစား သမားများအား မိတ်ဆက်ပေးပါသည်။ ယင်းနောက်ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား ရာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ် ချမှတ် ဆောင်ရွက်လျက်ရှိရာ၊ “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဟူသော ရည်မှန်းချက်လည်း အပါအဝင်ဖြစ်ကြောင်း၊ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်မှသာ ကဏ္ဍအလိုက် ရည်မှန်းချက်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်မှာဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပမည့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲတွင် အားကစားနည်းအလိုက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး၊ အချင်းချင်း စည်းလုံးညီညွတ်စွာ အားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်ရန် ဖြစ်ကြောင်း၊ မိမိတို့ ယှဉ်ပြိုင်သည့် အားကစားနည်း အောင်မြင်မှု ရရှိစေရန် ဇွဲ၊ လုံ့လ၊ ဝီရိယ အပြည့်ဖြင့် ဖြူစင် သန့်ရှင်းစွာ ကြိုးစား ယှဉ်ပြိုင်ရန်ဖြစ်ကြောင်း၊ အရေးကြီးသည့်အချက်မှာ ပြိုင်ပွဲအောင်နိုင်ရေးအတွက် အားကစားသမား တစ်ဦးချင်းက ကျန်းမာရေးကို ဂရုပြုရန် လိုကြောင်း၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် ဝန်ကြီးဌာနဂုဏ်ကို မြှင့်တင်ခြင်းလည်း ဖြစ်ကြောင်း၊ ယခုကျင်းပမည့် ပြိုင်ပွဲများကတစ်ဆင့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားအဆင့်မှသည် နိုင်ငံ့ကိုယ်စားပြု အားကစားသမားကောင်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို အကြိုလေ့ကျင့်နေသည့်ကာလနှင့် ပြိုင်ပွဲကာလအတွင်း အင်အားပြည့် အစားအစာများ ကျွေးမွေးနိုင်ရန်နှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများ ချီးမြှင့် ပေးအပ်ခဲ့ပါသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနမှ ဘောလုံး၊ ဘောလီဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲ၊ အပြေးနှင့် ထုပ်ဆီးတိုး စသော အားကစားနည်း (၇)မျိုးသို့ အမျိုးသား (၇၂)ဦး၊ အမျိုးသမီး (၃၆)ဦး စုစုပေါင်း အားကစားသမား (၁၀၈) ဦး ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန