လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တပြေးညီ ဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့တို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၀၈:၀၀)နာရီ အချိန်တွင် ရန်ကုန်မြို့တော်၊ Traffic Control Centre ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က နိုင်ငံတော်အကြီးအကဲ၏  လမ်းညွှန်ချက် အရ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လမ်းညွှန်း၊ လမ်းအမှတ်အသားများ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် တပြေးညီ ဖြစ်စေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ လမ်းညွှန်းများ၊ လမ်း အမှတ်အသားများနှင့် အချက်ပြများ တပြေးညီ ဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ် ကြောင်း၊ ၅-၁၂-၂၀၂၂ ရက်နေ့၌ ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၌ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များ ပါဝင်လျက် ကျင်းပဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် 1968 Vienna Convention on Road Traffic နှင့် 1968 Vienna Convention on Road Signs and Signals တို့သို့ ၂၀၁၉ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီးဖြစ်သည့်အတွက် လက်ရှိထုတ်ပြန် ကျင့်သုံးလျက်ရှိသည့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများသည် Vienna Convention ပါ ပြဋ္ဌာန်းချက်များကို အခြေခံထားခြင်း ဖြစ်ကြောင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ (၂၀၂၂ ခုနှစ်) ညွှန်ကြားချက်သည် အချိန်ကာလကြာမြင့်မှု မရှိသေးသည့်အတွက် လိုအပ်ချက်များ ရှိပါက ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ အကြံပြုပေးစေလိုပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် ယာဉ်တိုက်ခိုက်မှု အန္တရာယ်ရှိနိုင်သည့် လမ်းပိုင်းများသို့ အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးလျက် Road Audit ဆောင်ရွက်မှုများ ပြုလုပ်သွားကြရန် ဖြစ်ကြောင်း မှာကြားပါသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် မျိုးမင်းထိုက်က ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့အနေဖြင့် လမ်းညွှန်းများ၊ လမ်း အမှတ်အသားများနှင့် အချက်ပြများ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး တပြေးညီဖြစ်စေရေး အလေးထား ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဆွေးနွေးပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးက လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ စိစစ်ပြင်ဆင် ရေးဆွဲစိုက်ထူခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပြီး အစီရင်ခံ တင်ပြသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) ဌာနမှူး ဦးလင်းခိုင်က ရန်ကုန်မြို့တော်အတွင်း လမ်းညွှန်း၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီး ဒေါ်ဖြူဖြူဝင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၃) မြို့နယ်၌ Road Audit ဆောင်ရွက်ခဲ့မှုများကို လည်းကောင်း ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်း ဆွေးနွေးအကြံပြုခဲ့ကြပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ (၂၀၂၂ ခုနှစ်) ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း တပြေးညီ ပြည့်စုံ မှန်ကန်မှုရှိစေရေး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက အလေးထား ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

                                                                                                ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန