အရာရှိစွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၂) ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (နေပြည်တော်) တွင် သတင်းအချက်အလက် နည်းပညာဘာသာရပ်အား သင်ကြားပို့ချခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၁၃.၆.၂၀၂၂ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံးဝင်း၌ ကျင်းပပြုလုပ်သော အရာရှိစွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၂) တွင် သတင်းအချက်အလက် နည်းပညာဘာသာရပ်အား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်း အချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုး မှ ဆွေးနွေးပို့ချခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ဒုတိယညွှန်ကြားရေးမှူး (တာဝန်ပေး) နှင့် လက်ထောက်ညွှန်ကြားရေးမှူး စုစုပေါင်း သင်တန်းသား (၂၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါသင်တန်းတွင် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ယနေ့ခေတ် သတင်းအချက်အလက်နည်းပညာအသုံးဝင်မှုနှင့် အရေးပါလာမှု၊ အစိုးရအဖွဲ့အစည်းများ၊ ဝန်ဆောင်မှုများ၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် ကဏ္ဍပေါင်းစုံတွင် ICT ၏ အရေးပါမှုတို့ကို ဦးစွာပထမရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တစ်ကမ္ဘာလုံးဆိုင်ရာ ICT အသုံးပြုမှု၊ ၂၀ ရာစု စက်မှုခေတ်တွင် ICT အသုံးပြုမှုနှင့် သတင်းအချက်အလက်ခေတ်တွင် ICT ၏ အသုံးပြုမှုအား နှိုင်းယှဉ်ခြင်း၊ နိုင်ငံတကာဆက်သွယ်ရေးသမဂ္ဂ (ITU) မှ အဖွဲ့ဝင်နိုင်ငံများ၏ ICT ဖွံ့ဖြိုးတိုးတက်မှုအား တိုင်းတာသော အညွှန်းများနှင့် (CLMV) နိုင်ငံများ၏ ICT ဖွံဖြိုးတိုးတက်မှုအခြေအနေများအား ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိ ရပါသည်။
ဆက်လက်၍ ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂမှ ချမှတ်ထားသော Sustainable Development Goals (SDGs) ၁၇ ချက်တွင် ICT ၏ အခန်းကဏ္ဍနှင့်ပါဝင်ပတ်သက်မှု၊ e-Government အကောင်အထည်ဖော်ဆောင် ရာတွင် ICT နှင့် ဆိုက်ဘာလုံခြုံရေး၏ မရှိမဖြစ်အရေးပါမှု၊ ၂၀၂၀ ခုနှစ် ကုလသမဂ္ဂ e-Government စစ်တမ်းတွင် ဒစ်ဂျစ်တယ် အစိုးရအသွင် ကူးပြောင်းရေးအား အဓိကတိုင်းတာသော မဏ္ဍိုင် (၉) ခုတွင် ICT ပါဝင်လာမှု နှင့် မြန်မာနိုင်ငံ၏ e-Government ဖွံ့ဖြိုးမှုအခြေအနေတို့ကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် တစ်ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေးအား ခြိမ်းခြောက်လာသည့် တိုက်ခိုက်မှုပုံစံအမျိုးမျိုး နှင့် မြန်မာနိုင်ငံတွင် လက်ရှိတွေ့ရှိနေရသော ဆိုက်ဘာလုံခြုံရေးအားတိုက်ခိုက်ခံရမှုများ၊ ICT အား လွဲမှားစွာ အသုံးပြုမှုများနှင့် ဆိုက်ဘာလုံခြုံရေးတိုက်ခိုက်မှုများကိုကာကွယ်ရန်အတွက် ဆိုက်ဘာလုံခြုံရေး၏အရေးပါမှု၊ ဆိုက်ဘာလုံခြုံရေးအား တိုက်ခိုက်မခံရစေရန်အတွက် လိုက်နာကျင့်သုံးရမည့် ကောင်းမွန်သော အလေ့အကျင့် များ၊ နိုင်ငံတကာဆက်သွယ်ရေးသမဂ္ဂ (ITU) မှ ဆိုက်ဘာလုံခြုံမှုကိုတိုင်းတာသော ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာ လုံခြုံရေးအညွှန်းကိန်းတွင် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများနှင့် မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ICT နှင့်ပတ်သက်သော ဥပဒေစည်းမျဉ်းများ အစရှိသည်တို့ကို ဆွေးနွေးပို့ချခဲ့ကြောင်းသိရှိရပါသည်။
နောက်ဆုံးအနေဖြင့် ၂၁ ရာစုတွင် အစပြုလာပြီဖြစ်သော (၄) ကြိမ်မြောက်စက်မှုတော်လှန်ရေးတွင် အသုံးပြုလာမည့် AR & VR၊ IoT၊ Big Data၊ AI နှင့် Blockchain ကဲ့သို့သော နည်းပညာသစ်များတွင် ICT ၏ အသုံးပြုနိုင်မှုနှင့် (၄) ကြိမ်မြောက်စက်မှုတော်လှန်ရေးတွင် ရင်ဆိုင်ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အကြံပြုချက်များကို ဆွေးနွေးပို့ချခဲ့ကြောင်းသိရှိရပါသည်။