စစ်တွေဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်းနှင့် ဆက်စပ်ပစ္စည်းများနှင့် အဆောက်အဦများ စီမံခန့်ခွဲခြင်း ထိန်းသိမ်းခြင်းလုပ်ငန်းများကို Private Port Operator ရွေးချယ်ခန့်ထားပြီး ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲ

 

နေပြည်တော်၊ ၂၂.၁၀.၂၀၁၈

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် ပါဝင် သော တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည့် စစ်တွေဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်းနှင့် ဆက်စပ် ပစ္စည်းများနှင့် အဆောက်အဦများအား စီမံခန့်ခွဲခြင်း ထိန်းသိမ်းခြင်းလုပ်ငန်းများကို Private Port Operator ရွေးချယ်ခန့်ထားပြီး ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၂ ရက် နေ့လယ် (၁၂)နာရီ အချိန်တွင် Hilton Hotel (နေပြည်တော်) Grand Ballroom ၌ ကျင်းပသည်။

အဆိုပါ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ဒုတိယဝန်ကြီး ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနရှိ ဌာနအဖွဲ့အစည်းများမှ ဖိတ်ကြား ထားသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီးဌာန၊ Foreign Secretary ဖြစ်သူ H.E. Shri Vijay Gokhale, အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Shri Vikram Misri နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

နားလည်မှုစာချွန်လွှာ(MOU) တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့် နှင့် အိန္ဒိယသမ္မတ နိုင်ငံ အစိုးရ ကိုယ်စား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ Foreign Secretary ဖြစ်သူ H.E. Shri Vijay Gokhale တို့ လက်မှတ်ရေးထိုးကြပါသည်။

စီမံကိန်းပြီးစီးပါက မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်း ပိုမိုရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့်သာမက အခြား နိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ် နိုင်မည်ဖြစ်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူဖြစ်စေခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသခံများအနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသော ကမ္ဘာလှည့် ခရီးသွားများနှင့် ပတ်သက်သည့် အခွင့်အလမ်း များ ရရှိလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိလာမည် ဖြစ်ပါသည်။