မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ထူးခြားမြစ်ရေအခြေအနေသတင်းကို (၅.၄.၂၀၂၂)ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်…………
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၂၀၂၂ခုနှစ်၊ ဧပြီလ (၅)ရက်နေ့ (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့တွင် (၆၂၀)စင်တီမီတာသို့ ရောက်ရှိခဲ့ကာ ဧပြီလ (၂)ရက်နေ့မှ (၃)ရက်နေ့အတွင်း (၈)ပေခွဲခန့်မြင့်တက်ခဲ့ပြီး၊ ဧပြီလ(၄)ရက်နေ့တွင် (၄)ပေခန့် ပြန်လည်ကျဆင်းခဲ့ပါသည်။ အဆိုပါမြစ်ရေသည် ဧပြီလ(၅)ရက်နေ့တွင် (၉)ပေခန့် ပြန်လည်မြင့်တက်ခဲ့ ပါသည်။
ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေများသည် နောက်(၁)ရက်မှ (၃) ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် (၈)ပေမှ (၉)ပေခန့်၊ နောက်(၇)ရက်အတွင်း သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၁၀)ပေမှ (၁၂)ပေခန့်၊ နောက်(၁၀)ရက်အတွင်း ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် အောင်လံ မြို့တို့တွင် (၈)ပေမှ (၁၀)ပေခန့်၊ နောက်(၁၃)ရက်အတွင်း ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၆)ပေမှ (၇)ပေခွဲခန့် လက်ရှိရေမှတ်များ အထက်မြင့်တက်လာနိုင်ပါသည်။
သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများ အနေဖြင့် ဂရုပြုသင့်ပါကြောင်းနှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများ အနေဖြင့်လည်း မြစ်ရေတိုးလာနိုင်မှုကို ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။