ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နှင့် လေးမျက်နှာမြို့တို့တွင် ဆောင်ရွက်နေသည့် မြစ်ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၃ ခုနှစ်၊ မတ်လ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဝန်ကြီးဌာနနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ မတ်လ ၁၉ ရက်နေ့ တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ ရန်ကင်းစံရာ ကူးတို့ဆိပ်အောက်ပိုင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု လုပ်ငန်းခွင်နှင့် လေးမျက်နှာမြို့နယ်ရှိ သမိုင်းဝင် စတုမုခထူပါရုံ စေတီတော်ကြီး တည်ရှိရာ ကမ်းပါးပြို ကာကွယ်ရေး လုပ်ငန်းခွင်နေရာများသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရန်ကင်းစံရာ ကူးတို့ဆိပ် အောက်ပိုင်း၊ ၁၄ လမ်းနှင့် ၁၆ လမ်း အကြား၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိလာရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြို့နယ်မှ တာဝန်ရှိသူများ၊ ဒေသခံမြို့မိမြို့ဖများနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ လုပ်ငန်းနေရာ ရှင်းလင်းဆောင်တွင်  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ပန်းလှိုင်မြစ် ရေတိုက်စားမှုကြောင့် ကမ်းပါးမြေ နိမ့်ကျဖြစ်ပေါ်ခဲ့မှု အခြေအနေများ၊ အဆိုပါကမ်းပြိုမှု ကာကွယ်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းပြီးစီးမှု အခြေအနေများ၊ လုပ်ငန်းခွင်တွင် အသုံးပြုနေသည့် ခေတ်မီနည်းစနစ်များ၏ အားသာချက်များအား ရှင်းလင်း တင်ပြမှုအပေါ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြို့ကမ်းပါး ပြိုကျမှုအန္တရာယ် စိုးရိမ်ရသည့်အခြေအနေ ထပ်မံဖြစ်ပေါ်လာခြင်း မရှိစေရေးအတွက် လက်ရှိဆောင်ရွက်နေသည့် နည်းပညာနှင့် ဒီဇိုင်းအတိုင်း စံချိန်စံညွှန်း ပြည့်မီအောင်နှင့် ရေရှည် တည်တံ့ခိုင်မြဲအောင် စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိုးရာသီ မြစ်ရေ မတက်မီ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း လုပ်ငန်းများ ပြီးမြောက်အောင် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မြို့ကမ်းနားတစ်လျှောက် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအတွက်လည်း နှစ်အလိုက် စီမံချက်ချမှတ်၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လမ်းညွှန် မှာကြားခဲ့ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မွန်းလွဲပိုင်းတွင် လေးမျက်နှာမြို့နယ်ရှိ သမိုင်းဝင် စတုမုခထူပါရုံ စေတီတော်ကြီး တည်ရှိရာ ကမ်းပါးအား ငဝန်မြစ် ရေတိုက်စားမှုကြောင့် ကမ်းပြို ကာကွယ်ရေးဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိလာရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာဝန်ရှိသူက  စေတီတော်မြတ်ကြီးအား မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ငဝန်မြစ် ရေလမ်းကြောင်းအား  ပြုပြင်ထိန်းသိမ်းရေး ရေလွှဲရေကာနံရံများ တည်ဆောက်ခြင်း၊ သောင်တူးဖော်ခြင်း၊ အခြေထိန်း Bore Pile တည်ဆောက်ခြင်း၊ ကမ်းပါး ဆင်ခြေလျောတွင်  Geo Bag များ ချခင်းခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။

ရှင်းလင်း တင်ပြမှုအပေါ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအတွက် အသုံးပြုနေသည့် လုပ်ငန်းသုံးပစ္စည်းများကို အရည် အသွေးပြည့်မီအောင် သုံးစွဲဆောင်ရွက်ရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ ကျခံသုံးစွဲ ဆောင်ရွက်ပေးနေခြင်းဖြစ်၍ လေလွင့်မှု မရှိအောင် ကြပ်မတ်ဆောင်ရွက်ရေး၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းများကိုလည်း အထိရောက်ဆုံးသော ရေရှည်ခံနိုင်ရည်ရှိမည့် ဒီဇိုင်းများဖြင့် တီထွင်ဖော်ထုတ် သုံးသပ် ဆောင်ရွက်သွားရေး၊ စေတီတော်အထက်နှင့် အောက်ဘက်ရှိ ရေနက်အိုးများအတွင်း သဲဖြည့် ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့မည့် နည်းလမ်းများဖြင့် ဆောင်ရွက်ရေး၊ စေတီတော်အနီး ငဝန်မြစ် ရေကြောင်းကျဉ်းပြီး ရေနက်ကြောင်းများဖြစ်ပေါ်နေမှုကို လျှော့ချနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် ရေကြောင်းချဲ့ သောင်တူးခြင်းလုပ်ငန်းကို မိုးရာသီ မြစ်ရေမတက်မီ ပြီးစီးအောင် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းမှုကို အလေးထား ဆောင်ရွက်စေရေး စသည်တို့ကို လမ်းညွှန် မှာကြားပြီးနောက် လုပ်ငန်းခွင်နေရာများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း  သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန