နေပြည်တော်၊ နိုဝင်ဘာ ၁၄
၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ယင်းအစည်းအဝေးသို့ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက တက်ရောက်အမှာစကားပြောကြားကာ ဆပ်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အထူးဖိတ်ကြားထားသော လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကျင်းပမည့် အမျိုးသားအားကစား ပြိုင်ပွဲသည် နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်သည့်ပွဲဖြစ်သည့်အတွက် အလေးအနက်ထား ကြိုတင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲတွင် ပါဝင်ဖျော်ဖြေကြသူများအား လေ့ကျင့်ချိန်နှင့် အခမ်းအနားကျင်းပချိန်များတွင် အချိန်မီ ပို့ဆောင်ရမည်ဖြစ်ကြောင်း၊ အားကစားသမားများနှင့် ဒိုင်/ ဂျူရီများအား သက်ဆိုင်ရာနေ့အလိုက် ပြိုင်ပွဲကျင်းပရာသို့ အချိန်မီရောက်ရှိနိုင်ရေး ပို့ဆောင်ရမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးကိစ္စများတွင် အဆင်ပြေချောမွေ့မှုရှိစေရန်နှင့် လုံခြုံစိတ်ချမှုရှိစေရန် အသေးစိတ် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ အတွင်းရေးမှူး ၊ ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူက ဆပ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို Powerpoint ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်ကြသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးချက်များအပေါ် ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး ယခုကျင်းပမည့် အမျိုးသားအားကစားပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီ၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကိစ္စများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များအားလုံးက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန