ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဒေါပုံသ‌င်္ဘောကျင်းဝင်းအတွင်း အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တည်ဆောက်မည့် Simulator Assessment Centre နှစ်ထပ် (RC) အဆောက်အအုံ ပနက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒေါပုံသ‌င်္ဘောကျင်းဝင်းအတွင်းရှိ မြေ‌နေရာ၌ အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တည်ဆောက်မည့် Simulator  Assessment  Centre နှစ်ထပ်(RC)အဆောက်အအုံ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို အဆိုပါဝင်းအတွင်း၌ ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။

ယင်းအဆောက်အအုံ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဌာနအကြီးအမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသည် မြန်မာနိုင်ငံ၏ ရေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၈) နှစ်မြောက်ရှိပြီဖြစ်ပြီး နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ အခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလေးထားပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို ထင်ဟပ်ပြသနေသည့် အခမ်းအနားလည်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာသင်္ဘောများပေါ်တွင် မြန်မာသင်္ဘောသားဦးရေ  ၂၂,၀၀၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခုအခါ မြန်မာသင်္ဘောသား ၃၆,၀၀၀ ကျော်အထိ တိုးတက်လာခြင်းသည် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် ကိုက်ညီသည့်ရလဒ်တစ်ခု ဖြစ်ပါကြောင်း၊ သင်္ဘောသားများသည် ကမ္ဘာ့ကုန်သွယ်မှုတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည့်အပြင် နိုင်ငံ၏ GDP တိုးတက်စေရေးအတွက် အခြေခံကျသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း၊ နိုင်ငံတကာအလုပ်အကိုင် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် မြန်မာသင်္ဘောသားများ၏ ကျွမ်းကျင်မှုနှင့် အရည်အသွေးတို့သည် အရေးပါသဖြင့် ယခုကဲ့သို့ ခေတ်မီ Simulator Assessment Centre တည်ဆောက်ခြင်းသည် မြန်မာသင်္ဘောသားများ၏အရည်အသွေးကို အဆင့်မြှင့်တင်နိုင်ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် အထောက်အကူပြုကြောင်း၊ Simulator Assessment Centre သည် လုပ်ငန်းခွင်နှင့် အလားသဏ္ဍာန်တူညီသည့်ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လေ့ကျင့်သင်တန်းပေးခြင်း၊ အကဲဖြတ်ခြင်းနှင့် စာမေးပွဲစစ်ဆေးခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားသည်  မြန်မာနိုင်ငံ၏ ရေကြောင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ထင်ဟပ်ပြသသည့် သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ကြောင်း၊ စီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်ရန် ပံ့ပိုးပေးသည့် အိန္ဒိယနိုင်ငံအစိုးရကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တာဝန်ရှိသူအဆင့်ဆင့်က စီမံကိန်းကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် သတ်မှတ်အချိန်ဇယား များအတိုင်း စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် နိုင်ငံတကာအဆင့်မီ Simulator Assessment Centre တစ်ခုဖြစ်ပေါ်လာစေရေးအတွက် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားကြရန်  တိုက်တွန်းပြောကြားခဲ့ပါသည်။

အစီအစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက အမှာစကားပြောကြားခဲ့ပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က Simulator Based Training, Assessment and Exam System for Seafarers စီမံကိန်းနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် Simulator Assessment Centre တည်ဆောက်မည့်မြေနေရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး နှင့် ဧည့်သည်တော်များက ပန္နက်တော်ကို စိုက်ထူ၍ အမွှေးနံ့သာရည်ပက်ဖျန်းခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန