ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး

(၂၂-၈-၂၀၂၁၊ နေပြည်တော်)

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များ လိုက်ပါ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက် လျက်ရှိသော ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ တောင်ညိုအုပ်စု၊ ဂွေးပင်ရိုးကျေးရွာအနောက် ချောင်းမကြီး မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း၊ သရက်တောအုပ်စု၊ ပိုးစာတောကျေးရွာရှိ အိမ်မဲကြီးကွေ့ တံခွန်တိုင်ချောင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်း၊ ချောင်းမကြီးကွေ့(ဦးသာဟန်ကွေ့မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းနှင့် ချောင်းမကြီးကွေ့ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၍ သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် စတင် တည်ဆောက်စဉ်ကတည်းက ခိုင်ခိုင် ခံ့ခံ့ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ကြရန်နှင့် အချိန်မီ ပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ဆောင်ရွက်ပြီး လုပ်ငန်းများကိုလည်း ရေရှည် တည်တံ့ ခိုင်မြဲစေရေး အမြဲမပြတ် စစ်ဆေး ပြင်ဆင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်း ရရှိပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန