ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနမှတာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ဦးဆောင်ညွှန်ကြားရေးမှူးက ဒလသင်္ဘောကျင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဝန်ထမ်းများအတွက် ကျန်းမာရေးဆေးခန်းနှင့် ဝန်ထမ်းအိမ်ရာအသစ် တည်ဆောက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မှာကြားရာ၌  ဒလသင်္ဘောကျင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းလုပ်အားပေး ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားကြပြီး မီးဘေးအန္တရာယ် ကာကွယ်ရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးကိစ္စရပ်များ အထူးအလေးထားလိုက်နာ ဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်ရှိသည်များကို တာဝန်ရှိသူများအား အသေးစိတ်မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ ဆောက်လုပ်ရေးအထူးအဖွဲ့(၁)မှတာဝန်ယူ တည်ဆောက်လျက်ရှိသည့် ၈ ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ တည်ဆောက်ပြီးစီးမှု အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးရာ အဆောက်အဦ ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းပြီးစီးမှုအခြေအနေများကို  ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက အဆောက်အဦအတွင်း ရေအမြန်ဆုံးရရှိရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ ရေ၊ မီး၊ မိလ္လာစနစ်များ သတ်မှတ်ချက်နှင့်အညီ အမြန်ဆုံး အသုံးပြုနိုင်ရေးနှင့် တည်ဆောက်ပြီး အိမ်ရာများတွင် နေရာချထားပေးမည့် ဝန်ထမ်းများအနေဖြင့် နေထိုင်ရာ၌ ထိန်းသိမ်းမှုအပိုင်းတွင် မိမိပိုင်ပစ္စည်းကဲ့သို့ သဘောထားပြီး အသေးအဖွဲ့ပျက်စီးမှုများကအစ ချက်ချင်း အလေးထားပြင်ဆင် နေထိုင်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန