ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်နှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်စစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဒီဇင်ဘာလ ၃၁ ရက်နေ့ ၀၈ ၀၀  နာရီ တွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ ရောက်ရှိလာရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက  ကြိုဆိုခဲ့ကြသည်။

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ကျောင်းအုပ်ကြီးက ကျောင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စစ်ရေးပြကွင်းအသစ် ဖောက်လုပ်တည်ဆောက်မှုလုပ်ငန်း အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို အသေးစိတ်မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကောလိပ်မှ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ Korea Maritime And Ocean University(KMOU) တွင် Student Exchange Program ဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ဖွင့်လှစ်ခဲ့သည့် (၄)လသင်တန်းတွင် တက်ရောက်ခဲ့သည့် ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်း အမှတ်စဉ်(၁၆)မှ ဒုတိယနှစ် အရာရှိလောင်း ၂ ဦးနှင့်  ၂၀၂၅ ခုနှစ်၊ မတ်လတွင် KMOU (Student Exchange Program) သို့ ထပ်မံစေလွှတ်မည့် ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၇)မှ အရာရှိလောင်း ၂ ဦး၊ စုစုပေါင်း ၄ ဦး အားတွေ့ဆုံ၍ သိရှိလိုသည်များ မေးမြန်းပြီး ဆက်လက်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကောလိပ်အတွင်းနှင့်  စစ်ရေးပြကွင်းအသစ်  ဖောက်လုပ်တည်ဆောက်မှုအား အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကာ တည်ဆောက်ရေး လုပ်ငန်းများ စံချိန်စံနှုန်းပြည့်မီစွာနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက် သွားကြရန်နှင့် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။  

ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ သွားရောက်ခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကာ သင်္ဘောကျင်းအတွင်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းချက်များအပေါ် ဒုတိယဝန်ကြီးက မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ ရုံးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုနှင့် မြေလွတ်များတွင် နှစ်ရှည်ပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိရန်၊တန်ချိန် ၁၂၀၀၀ ရေလုံ သင်္ဘောကျင်းတွင် ရေယာဉ်များ လွန်းတင် ပြင်ဆင်နေမှုအခြေအနေနှင့် လွန်းတင်လွန်းချစက်ရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းများ လုပ်ကိုင်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းမှုရှိစေရေးတို့ကို မှာကြားခဲ့ပြီး ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန