ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ (၁/၂၀၂၃) ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

အမျိုးသား ရေဥပဒေပြုစုရေး Task Force အဖွဲ့ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ၂၈-၁၂-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁:၃၀)နာရီ အချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက အမျိုးသားရေဥပဒေ ပေါ်ပေါက်ရေးဟာ နိုင်ငံအတွင်းမှာရှိတဲ့ ရေအရင်းအမြစ်များ စီမံခန့်ခွဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၁၂-၁၂-၂၀၂၂ ရက်နေ့မှာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး ရေဥပ‌ဒေရေးဆွဲပြဋ္ဌာန်းရေး ဆောင်ရွက်ရန်အတွက် လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် သတ်မှတ်တာဝန် ပေးအပ်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံမှာ ရေနဲ့ဆက်နွယ်တဲ့ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီများ၊ ဌာနအဖွဲ့အစည်းများရှိပြီး သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ ရှိကြတဲ့အတွက် အမျိုးသားရေဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက်  အားလုံး ပေါင်းစပ်ဆောင်ရွက်ဖို့ အရေးကြီးပါကြောင်း၊ အမျိုးသားရေဥပဒေတစ်ရပ် ပေါ်ပေါက်ရေးဟာ မိမိတို့ နိုင်ငံအတွက် လိုအပ်ချက်တစ်ခုဖြစ်တဲ့အတွက် ရေဥပဒေ (မူကြမ်း) ပြုစုရေးနဲ့ တင်ပြအတည်ပြုနိုင်ရေးတို့အတွက် အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားရေဥပဒေ(မူကြမ်း) ရေးဆွဲရေးအတွက် ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ပတ်သက်၍ အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ အတွင်းရေးမှူး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က ရှင်းလင်းတင်ပြခဲ့ပြီး အမျိုးသားရေဥပဒေမူကြမ်းနှင့် အမျိုးသားရေဥပဒေ ပြုစုရေးလုပ်ငန်းများ၊ ပံ့ပိုးဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာန အဖွဲ့အစည်းများမှ Task Force အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များမှ  ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများမှ အမျိုးသားရေဥပဒေ ပြုစုရေး Task Force အဖွဲ့ဝင်များနှင့်ကိုယ်စားလှယ်များ စုစုပေါင်း (၂၉)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အမျိုးသားရေဥပဒေ မူကြမ်းအပေါ် အမျိုးသားရေဥပဒေပြုစုရေး   Task Force  အဖွဲ့ဝင်များမှ တည်းဖြတ်ပြုစုရေးအတွက် ဆက်လက်ညှိနှိုင်း ပြုစုသွားမည်ဖြစ်ပြီး ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများထံမှ အကြံပြုချက်နှင့် သဘောထားမှတ်ချက်များ ဆက်လက်တောင်းခံကာ ဥပဒေအတည်ပြုပြဌာန်းနိုင်ရေးအတွက် အဆင့်ဆင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန