နေပြည်တော် ၊ နိုဝင်ဘာ ၁၂
အမျိုးသားရေဥပဒေ စတုတ္ထမူကြမ်းအား ဆွေးနွေးတည်းဖြတ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်း ကော်မတီ၏ (၃/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ရုံးအမှတ်(၂၉)၊ အစည်းဝေးခန်းမ၌ကျင်းပရာ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးကော်မတီများမှ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းပြီးနောက် နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် အမျိုးသားရေဥပဒေ ရေးဆွဲပြဋ္ဌာန်းရေးအတွက် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ကနဦးမူကြမ်းကို ပြုစုနိုင်ခဲ့ကြောင်း၊ အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ကို ၂၈-၁၁-၂၀၂၃ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး (၁/၂၀၂၃) အစည်းအဝေးကို ၂၈-၁၂-၂၀၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကာ အမျိုးသားရေဥပဒေ ပထမမူကြမ်းကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း၊ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်း ကော်မတီ၏ ပထမအကြိမ် (၁/၂၀၂၄) အစည်းအဝေးကို ၁၅-၂-၂၀၂၄ ရက်တွင် ကျင်းပခဲ့ပြီး ဒုတိယမူကြမ်းကို ဆွေးနွေးတည်းဖြတ်ကာ တတိယမူကြမ်းအဖြစ် ပြုစုနိုင်ခဲ့ကြောင်း၊ အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၄) အစည်းအဝေးကို ၂၉-၈-၂၀၂၄ ရက်တွင် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီများထံမှ ပြန်ကြားလာသည့် အကြံပြုချက်နှင့် သဘောထားမှတ်ချက်များအရ အမျိုးသားရေဥပဒေ တတိယမူကြမ်းအပေါ် ပုဒ်မ၊ ပုဒ်မခွဲ တစ်ခုချင်းစီအလိုက် အသေးစိတ်တွင် ညှိနှိုင်းဆွေးနွေးပြီး စတုတ္ထမူကြမ်းကို ပြုစုခဲ့ပြီးဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များအနေဖြင့် အမျိုးသားရေဥပဒေစတုတ္ထမူကြမ်းအပေါ် ပြန်ကြားလာသည့် သဘောထားမှတ်ချက်များအရ မိမိတို့နိုင်ငံတွင် လက်တွေ့ကျင့်သုံးနိုင်မည့် အခြေအနေများ၊ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပုဒ်မ၊ ပုဒ်မခွဲ တစ်ခုချင်းစီအလိုက် အသေးစိတ် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြဖို့ မေတ္တာရပ်ခံလိုကြောင်း၊ အမျိုးသားရေဥပဒေ ပဉ္စမမူကြမ်းကို ပြုစုပြီးပါက မိမိတို့နိုင်ငံနှင့် အသင့်လျော်ဆုံးဖြစ်စေမည့် ရေဥပဒေတစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး(၁)၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းလှိုင်က အမျိုးသားရေဥပဒေရေးဆွဲရေး ဆောင်ရွက်ထားရှိမှုများ၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ် လျာထားချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက အမျိုးသားရေဥပဒေ စတုတ္ထမူကြမ်းနှင့် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရှိရပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန