နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၉

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ   ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီ ပြည့်စုံမှန်ကန်စေရေးအတွက် နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးသည့်နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂)ကြိမ် ကျင်းပခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ဒေသကြီးကြပ်ရေးအဖွဲ့များက အလေးထားကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးသည် ဗဟိုကြီးကြပ်ရေးအဖွဲ့၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီ ပြည့်စုံမှန်ကန်စေရေး ဆောင်ရွက်ခဲ့သည့် (၁) နှစ်ကျော်ကာလအတွင်း ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၈) ခု၌ မြေပြင် ကွင်းဆင်းစစ်ဆေးမှု (၁၆) ကြိမ် ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းနေရာ (၆၀) ၌ Road Safety Audit ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြေပြင်တွင် အများစုလွဲမှားလေ့ရှိသည့် အချက် (၁၉) ချက်ကို အမြန်ဆုံးပြန်လည်ပြင်ဆင်ရမည့် အနိမ့်ဆုံး အခြေခံသတ်မှတ်ချက်များအဖြစ် ဖော်ထုတ်ဖြန့်ဝေထားပြီးဖြစ်ရာ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။

ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့် Road Safety Audit ကွင်းဆင်းစစ်ဆေးသုံးသပ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထပ်မံဖော်ထုတ်တွေ့ရှိချက်များကိုလည်း ဆက်လက်ဖြန့်ဝေ အကြောင်းကြားသွားမည်ဖြစ်ပါကြောင်း၊ (၅.၁၂.၂၀၂၂) ရက်နေ့မှ (၁၅.၁.၂၀၂၄) ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များအလိုက် Road Safety Audit ဆောင်ရွက်မှု စုစုပေါင်း (၃၇၁၇) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး လမ်းညွှန်း (၂၁၀၅၇) ခု၊ အလျားလိုက် မျဉ်းအမှတ်အသား (၁၂၂၄ မိုင် ၃.၄ ဖာလုံ ၄၄၄ ပေ)၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား (၁၁၉၅) ခု၊ အခြားလမ်းအမှတ်အသား (၁၁၁၆၁) ခုနှင့် အချက်ပြ (၁၁၁၈) ခု ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အသစ်ဆောင်ရွက်မှုများအနေဖြင့် လမ်းညွှန်း (၂၃၄၆၂) ခု၊ အလျားလိုက်မျဉ်းအမှတ်အသား (၁၁၉၃ မိုင် ၀.၁၅ ဖာလုံ ၁၄၃ ပေ)၊ ကန့်လန့်ဖြတ်မျဉ်းအမှတ်အသား (၂၀၆၉)ခု၊ အခြားလမ်း အမှတ်အသား (၈၆၅၀) ခုနှင့် အချက်ပြ (၁၉၀) ခု ထပ်မံဆောင်ရွက်နိုင်ခဲ့ပြီး အသစ်ဆောင်ရွက်ရန်လိုအပ်မှု၏ ၅၁ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ရန်ကုန်-မန္တလေးအဝေးပြေးလမ်း(လမ်းဟောင်း)တစ်လျှောက် လမ်းလယ်မျဉ်းအမှတ်အသားများ တစ်ပြေးညီ ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်ရေးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားပါသည်။

၎င်းနောက် ဗဟိုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက် လမ်းလယ်မျဉ်းအမှတ်အသားများ တစ်ပြေးညီ ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်ရေးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရေး ကိစ္စရပ်များအား လည်းကောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးဦးက ရန်ကုန်-မန္တလေး အဝေးပြးလမ်း(လမ်းဟောင်း)တစ်လျှောက်  လမ်းညွှန်းများ၊ လမ်း အမှတ်အသားများနှင့် အချက်ပြများဆိုင်ရာနှင့် BOT ကုမ္ပဏီများဆိုင်ရာ လုပ်ငန်းစဉ်များအားလည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီး ဒေါ်ဖြူဖြူဝင်းက ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ဆောင်ရွက်ပြီးစီးမှု သုံးသပ်ချက်များအားလည်းကောင်း PowerPoint Presentation ဖြင့် ရှင်းလင်းတင်ပြကြပါသည်။

ထို့နောက် ရန်ကုန်-မန္တလေး အဝေးပြးလမ်း (လမ်းဟောင်း)နှင့်သက်ဆိုင်သည့် တိုင်းဒေသကြီး/ ပြည်နယ်များဖြစ်သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဥက္ကဌများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ မြို့တော်ဝန်များ၊ အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လမ်းလယ်မျဉ်းအမှတ်အသားများ တစ်ပြေးညီ ပြည့်စုံမှန်ကန်စေရေးနှင့် ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်မည့်လုပ်ငန်းကိစ္စရပ်များအား အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြပြီး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးဆုံးဖြတ် ချမှတ်ခဲ့ကြပါသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ရန်ကုန်-မန္တလေးအဝေးပြေးလမ်း (လမ်းဟောင်း) တစ်လျှောက်၌ အများပြည်သူ အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းလယ်မျဉ်းအမှတ်အသားများ တစ်ပြေးညီ ပြည့်စုံညီညွတ်မှန်ကန်ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များအား ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက်အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန