နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၂

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊ ရန်ကုန်နှင့် မန္တလေး မြို့တော်ဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များအား ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့ အနေဖြင့်လည်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးခေါ်ယူပြီး လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီ ပြည့်စုံ ညီညွတ် မှန်ကန်စေရေး လုပ်ငန်းအစီအမံများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့် လမ်းများကို လက်တွေ့စီမံခန့်ခွဲ ဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဒေသကြီးကြပ်ရေးအဖွဲ့များက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ Road Safety Audit ကွင်းဆင်းစစ်ဆေးပြီး လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ဆိုင်ရာ ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်သင့်သည့်အကြံပြုချက်များကို အချိန်နှင့်တစ်ပြေးညီ ညွှန်ကြား ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ အနေဖြင့် ကွင်းဆင်းစစ်ဆေး အကြံပြုချက်များအပေါ် အမြန်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးစီးမှု၊ တိုးတက်မှုများကို အစီရင်ခံတင်ပြကြရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်မည့် ဘဏ္ဍာငွေအသုံးပြုခြင်းများကိုလည်း တည်ဆဲ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စနစ်တကျ လျာထား တောင်းခံသုံးစွဲကြရန် လိုပါကြောင်း၊ ဝန်ကြီးချုပ်များနှင့် ဒေသကြီးကြပ်ရေးအဖွဲ့များ အနေဖြင့် မိမိတို့နယ်မြေ ဒေသအလိုက် ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်၊ အားနည်းချက်များကို အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန် ပေးအပ်မှု၊ မြေပြင်၌ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ၊ ဗဟို ကြီးကြပ်ရေးအဖွဲ့၏ Road Safety Audit ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုနှင့် သုံးသပ်အကြံပြုချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များ၌ မြေပြင်စစ်ဆေးစဉ် တွေ့ရှိရသည့် အားနည်းချက်၊ လိုအပ်ချက်များကို Powerpoint Presentation ဖြင့် ရှင်းလင်းတင်ပြပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များက သက်ဆိုင်ရာ နယ်မြေဒေသအလိုက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှု၊ ကွင်းဆင်းစစ်ဆေးမှု၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ အသစ်စိုက်ထူ ရေးဆွဲပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြသည်။ ဆွေးနွေးချက်များအပေါ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း က ပြန်လည်သုံးသပ် ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းပါသည်။

ညှိနှိုင်းအစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အတွင်း မော်တော်ဆိုင်ကယ် ယာဉ်တိုက်မှုအများဆုံးဖြစ်သည့်  ပျဉ်းမနား-တောင်ညိုလမ်း၊ သပြေကုန်း အဝိုင်း လမ်းပိုင်းနေရာသို့ သွားရောက် ကွင်းဆင်း စစ်ဆေးရာ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန အင်ဂျင်နီယာမှူးကြီး (မြို့ပြ) က မြေပုံကားချပ်ဖြင့် Road Safety Audit စစ်ဆေးတွေ့ရှိမှုများ၊ မော်တော်ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ အဝိုင်းပတ် ဖြတ်သန်း မောင်းနှင်နိုင်ရေးအတွက် သုံးသပ် အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့က မော်တော်ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ အဝိုင်းပတ် မောင်းနှင်နိုင်ရေးအတွက် သပြေကုန်းအဝိုင်းရှိ လမ်းပေါ် ဆေးရေးအမှတ်အသားများကို ပြင်ဆင်ရေးဆွဲရန်၊ ယာဉ်ကြောကြိုတင် ပြောင်းရန် ဆေးရေး အမှတ်အသားနှင့် လမ်းညွှန်းဆိုင်းဘုတ်များ စိုက်ထူရေးဆွဲရန်၊ လမ်းလယ် တစ်ဆက်တည်းမျဉ်းအား သတ်မှတ်အရောင်အတိုင်း ရေးဆွဲရန် လမ်းညွှန်မှာကြားသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှု အဖြစ်များသော မိုင်တိုင်-၂၁၈ (၄ ဖာလုံ နှင့် ၇ ဖာလုံအကြား) လမ်းပိုင်းနေရာသို့ သွားရောက်ကွင်းဆင်း စစ်ဆေးရာ အင်ဂျင်နီယာမှူးကြီး (မြို့ပြ) က မြေပုံကားချပ်ဖြင့် Road Safety Audit စစ်ဆေးတွေ့ရှိမှုများနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က အဆိုပါ လမ်းပိုင်း၌ ယာဉ်တိုက်မှု လျော့နည်းကျဆင်းရေး အတွက် လမ်းဘေးတွင် Clear Zone လုံလောက်စွာ ထားရှိရန်၊ လမ်းညွှန်းဆိုင်းဘုတ်များ ပြင်ဆင် ဆောင်ရွက်ရန်၊ လမ်းပေါ် ဆေးရေး အမှတ်အသားများ ပြည့်စုံစွာ ရေးဆွဲရန် လမ်းညွှန်မှာကြားသည်။ ၎င်းနောက် Road Safety Audit အဖွဲ့၏ အကြံပြုချက် များအပေါ်သက်ဆိုင်ရာဒေသကြီးကြပ်ရေး အဖွဲ့နှင့် လမ်းဦးစီးဌာနတို့က အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန