နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများအား တွေ့ဆုံ

နေပြည်တော်၊ မေ‌လ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) တို့မှ AGTI ဒီပလိုမာ သင်တန်းဆင်း ကျောင်းသား/ ကျောင်းသူ (၂၃)ဦးအား ယနေ့နံနက်ပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅)တွင် တွေ့ဆုံခဲ့ရာ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်းဆင်း ကျောင်းသား/ ကျောင်းသူများ တက်ရောက်ပါသည်။

အခမ်းအနား စတင်သည်နှင့် သင်တန်းဆင်းကျောင်းသား/ ကျောင်းသူများက တစ်ဦးချင်း မိတ်ဆက်ပြီး၊ တာဝန်ထမ်းဆောင်ရမည့် ဌာနကို အသီးသီးတင်ပြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ကျောင်းသား/ ကျောင်းသူများကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ သင်ကြားတတ်မြောက်လာသည့် ပညာရပ်များကို အခြေခံပြီး၊ လက်တွေ့ လုပ်ငန်းနယ်ပယ်တွင် ကြိုးစားလေ့လာ ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အလျောက် “ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်” ဟူသည့် ဆောင်ပုဒ်ချမှတ်ပြီး၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖွံ့ဖြိုးလာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် တာဝန်များကို သိရှိထားရန် လိုအပ်ကြောင်း၊ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ အတွေ့အကြုံများကို လေ့လာသင်ယူ၍ မိမိတာဝန်ကို အကောင်းဆုံး ကြိုးပမ်း ထမ်းဆောင်ကြရန် ဖြစ်ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် စတင် တာဝန်ထမ်းဆောင်ကြမည် ဖြစ်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက် အပါအဝင် ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာကျင့်ကြံရမည် ဖြစ်ကြောင်း၊ စိတ်ဓါတ်စည်းကမ်း ကောင်းမွန်ပြီး၊ တတ်မြောက်ထားသည့် နည်းပညာအသုံးချ၍ ဝန်ကြီးဌာန၏ ကောင်းကျိုးအတွက် အားထားရသူများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး၊ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအဖွဲ့အစည်း (၁၉)ခုနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာများအား အကျဉ်းချုပ် ရှင်းလင်းပြောကြားခဲ့ပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) တို့မှ AGTI ဒီပလိုမာ သင်တန်းဆင်း ကျောင်းသား/ ကျောင်းသူ (၁၄၆)ဦးအနက် အမျိုးသား (၁၅) ဦး၊ အမျိုး သမီး (၈) ဦး စုစုပေါင်း (၂၃)ဦး တာဝန်ထမ်းဆောင်မည် ဖြစ်ပြီး၊ အဆိုပါ သင်တန်းဆင်း ကျောင်း သား/ ကျောင်းသူများအား ဝန်ကြီးဌာနအတွင်းရှိ ဌာန(၆)ခုတွင် ခန့်အပ် တာဝန်ပေးအပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန