နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့် မြို့နယ်များတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်ကြမည့် တပ်မတော်အရာရှိကြီးများအား တွေ့ဆုံမှာကြား

စစ်တွေ     မေ   ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများကို မြို့နယ်အလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ဝိုင်းဝန်း ကြီးကြပ် ကူညီဆောင်ရွက်ကြမည့် တပ်မတော်အရာရှိကြီးများအား ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ တွေ့ဆုံကာ လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့သည်။

တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်  တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တပ်မတော်အရာရှိကြီးများအနေဖြင့် တာဝန်ကျရာ မြို့နယ်များသို့ရောက်ရှိပါက မုန်တိုင်းဒဏ်ကြောင့်ပျက်စီးမှုများအား ဦးစားပေးရှင်းလင်းပြီး လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်မှုကောင်းမွန်ရေး၊ သောက်ရေသန့်ရရှိရေး၊ အခြေခံပညာကျောင်းများကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်ပေးနိုင်ရေး၊ ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်းများကို ဦးစားပေး ပြုပြင်နိုင်ရေး၊ နိုင်ငံတော်မှ ပေးပို့နေသည့် ရိက္ခာ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများကို မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများထံသို့ စနစ်တကျနှင့် မြန်မြန်ဆန်ဆန် ဖြန့်ဝေထောက်ပံ့ရေး၊ စာရင်းဇယားများ မှန်ကန်မှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးရန်နှင့် အခြားအရေးတကြီးဆောင်ရွက်ပေးရန်များ ရှိပါကလည်း အချိန်နှင့်တပြေးညီ တင်ပြကြရန် မှာကြားခဲ့သည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က မြို့နယ်အလိုက် ကြီးကြပ် ဆောင်ရွက်ကြမည့် တပ်မတော် အရာရှိကြီးများအနေဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်းကာ ပြန်လည် ထူထောင်ရေး၊ စားရေရိက္ခာထောက်ပံ့ရေးများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ဖြည့်စွက်မှာကြားခဲ့ကြသည်။

အဆိုပါ မြို့နယ်အလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ဝိုင်းဝန်းကြီးကြပ် ကူညီ ဆောင်ရွက်ကြမည့် တပ်မတော်အရာရှိကြီးများအား ယနေ့နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် တာဝန်ကျရာ မြို့နယ်များသို့ စတင်ပို့ဆောင်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။