နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း (၆၃)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်

 (၂၃.၃.၂၀၂၃)

၂၀၂၃ ခုနှစ်၊ မတ်လ (၂၃) ရက်၌ ကျရောက်သည့် (၆၃) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနားအား နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အတူ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့မှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အဖွင့်အမှာ စကား ပြောကြားခဲ့ရာတွင် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားများအား နှစ်စဉ် မတ်လ (၂၃)ရက်နေ့ ရောက်တိုင်း ကမ္ဘာ့တစ်ဝှမ်းလုံးတွင် ကျင်းပပြုလုပ်ပါကြောင်း၊ ယခု (၂၀၂၃)ခုနှစ်၊ ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်မှာ အနာဂတ် မိုးလေဝသ၊ ရာသီဥတုနှင့် ရေသယံဇာတ ဖွံ့ဖြိုးကောင်းမွန်ဖို့ မျိုးဆက်အားလုံး အလေးထားဆောင်ရွက်ကြပါစို့ (The Future of Weather, Climate and Water across Generations)” ဖြစ်ပါကြောင်း၊ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသ၊ ဇလဗေဒနှင့် ရာသီဥတုဆိုင်ရာ အစွန်းရောက် အဖြစ်အပျက်များသည် ကမ္ဘာ့နေရာ အနှံ့အပြားတွင် ပိုမိုဖြစ်ပွားလာလျက်ရှိရာ အထူးသဖြင့် ကျွန်းနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အခံရဆုံးဖြစ်ပါကြောင်း၊ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များအရ ၂၀၁၆ ခုနှစ်သည် ကမ္ဘာ့အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ထားပါကြောင်း၊ တဖန် ၂၀၂၀ ပြည့်နှစ်ကတည်းက စတင်ခဲ့သည့် လာနီညာဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်ထိတိုင် သုံးနှစ်ဆက်တိုက် လာနီညာအဖြစ် သမိုင်းဝင်ခဲ့ပါကြောင်း၊ သို့သော် အဆိုပါ လာနီညာဖြစ်စဉ်များသည် လက်ရှိကမ္ဘာကြီး ပူနွေးလာနေမှုကို လွှမ်းမိုးနိုင်ခြင်း မရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ၂၀၂၂ ခုနှစ်အပြီး ကမ္ဘာ့ မိုးလေဝသအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာ လေ့လာ သုံးသပ်ချက်များအရ ကမ္ဘာကြီးရဲ့ ပျမ်းမျှအပူချိန်ဟာ ယခင် စက်မှု မထွန်းကားမီ ခေတ်ကာလများထက် (၁.၀၆) ဒီဂရီစင်တီဂရိတ် ကျော်လွန်နေပြီ ဖြစ်ပါကြောင်း၊ ကမ္ဘာကြီး ပူနွေးလာမှုကြောင့်လည်း ရေခဲတောင်များ အရည်ပျော်ကာ ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုသည် ၁၈၈၀ ခုနှစ်ထက် (၂၄ စင်တီမီတာ)ခန့် မြင့်တက်နေပြီး အချို့သော ကျွန်းနိုင်ငံများမှာ စိန်ခေါ်မှု များစွာနဲ့ ရင်ဆိုင်နေကြရပါကြောင်း၊ ထို့အပြင် မိုးရွာသွန်းမှု ပုံစံပြောင်းလာပြီး အချိန်အခါမဟုတ် မိုးပြင်းထန်စွာ ရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားလာသကဲ့သို့ အခြားတစ်ဖက်တွင်လည်း မိုးခေါင်ခြင်းနဲ့ ရေပြတ်လပ်မှု ဖြစ်စဉ်များ နှစ်စဉ် ကြုံတွေ့နေရပါကြောင်း၊  ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပပြုလုပ်ခဲ့သော ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကွန်းဗင်းရှင်းတွင် စက်မှုမထွန်းကားမီကာလနှင့် နှိုင်းယှဉ်၍ အပူချိန်(၁.၅)ဒီဂရီစင်တီဂရိတ်ထက် ပိုမိုတိုးလာမှုကို လျှော့ချနိုင်ရေးအတွက် သဘောတူ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါကြောင်း၊  ယခုအခါ ရာသီဥတုပြောင်းလဲမှုနှုန်းသည် အရှိန်အဟုန်မြင့် မြန်ဆန်လာတဲ့အတွက် မိုးလေဝသနဲ့ဇလဗေဒဆိုင်ရာ သဘာဝဘေး အန္တရာယ်များ ခံစားရမှုကို လျော့ပါးသက်သာလာစေရေးနှင့် အနာဂတ်မျိုးဆက်များ ကောင်းမွန်စွာ ရှင်သန်နိုင်ရေးအတွက် ပြည်သူ အားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ Professor Petteri Taalas ၏ သဝဏ်လွှာ ဗွီဒီယို၊ မိုးလေဝသနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ Video Clip တို့ကို ပြသခဲ့ ပြီးနောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနား ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ ဖိတ်ကြားထားသော ဧည့်သည်တော်များသည် အခမ်းအနားတွင် ခင်းကျင်းပြသထား သော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုကြ ပါသည်။

မွန်းလွဲပိုင်းတွင် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်ဘာသာရပ်ဆိုင်ရာ စာတမ်း(၉)စောင်ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ဖတ်ကြားဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။  

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန