နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် တပ်မတော်ကမ်းထိုးယာဉ်ဖြင့် ပေးပို့မည့် ကူညီထောက်ပံ့ရေးပစ္စည်းများဖြစ်သော ရေသန့်စင် စက်ရုံပါ ရေသယ်ယာဉ်(၂)စီး၊ ဆန်၊ ဆီနှင့်ရိက္ခာများ၊ အမိုးအကာနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများတင်ဆောင်နေခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး မုန်တိုင်းဒဏ်ခံခဲ့ရသော မြို့နယ်များသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်

၁၇-၅-၂၀၂၃

ရခိုင်ပြည်နယ်စစ်တွေမြို့သို့ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းသို့ ရောက်ရှိပြီး မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် တပ်မတော်ကမ်းထိုးယာဉ်ဖြင့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့သို့ ပေးပို့မည့် ကူညီထောက်ပံ့ရေးပစ္စည်းများဖြစ်သော  ရေသန့်စင် စက်ရုံပါ ရေသယ်ယာဉ်(၂)စီး၊ ဆန်၊ ဆီနှင့်ရိက္ခာများ၊ အမိုးအကာနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ တင်ဆောင်နေခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားခဲ့ သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် သက္ကေပြင်ကျေးရွာ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း၌ မုန်တိုင်းဒဏ်ကြောင့်ခိုလှုံရောက်ရှိနေကြသော ဒေသခံပြည်သူများအား တွေ့ဆုံ အားပေးပြီး ဆန်၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ထောက်ပံ့ပေးသည်။ ဆက်လက်၍ ခေါင်းဒုက္ကာ ကျေးရွာသို့ ရောက်ရှိပြီး အခြေခံပညာအလယ်တန်းကျောင်းတွင် လာရောက်ခိုလှုံနေကြသော ဒေသခံပြည်သူများအား ဆန်၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ထောက်ပံ့ပေးအပ်ပြီး အားပေးစကားပြောကြားကြသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပုဏ္ဏားကျွန်းမြို့သို့ထွက်ခွာပြီး အခြေခံပညာအထက်တန်းကျောင်း(ပုဏ္ဏားကျွန်း)၊ ဦးရာဇ်မင်္ဂလာ ကြိုးတံတား၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့၏ မုန်တိုင်းဒဏ်ကြောင့် ယိုယွင်းပျက်စီမှုများကို စစ်ဆေးပြီး အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေးမှာကြားကာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် မြို့မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကူညီ ထောက်ပံ့ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ  ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းကူညီပေးကြ စေလိုကြောင်း၊ ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ၊ ဆောက်လုပ်ရေးပစ္စည်းများလည်း ဆက်လက် ပေးပို့၍ အမြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူလူထုများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ခဲ့ သည်။

ထို့နောက် မုန်တိုင်းဒဏ်သင့် ပြည်သူလူထုအတွက် ထောက်ပံ့ငွေကျပ်သိန်း(၃၀၀)နှင့် စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် လောကနန္ဒာစေတီတော် ဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ စစ်တွေမြို့ပေါ်ရှိရပ်ကွက်များမှ မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားသို့ မြို့မိ၊ မြို့ဖများ ဒေသခံပြည်သူများနှင့်အတူ ရခိုင်ပြည်နယ်လေဘေးသင့် ပြည်သူများအား နှစ်သိမ့်အားပေးရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း ဦးဆောင်သော ရုပ်ရှင်နှင့်ဂီတ အနုပညာရှင်များလည်း တက်ရောက်ကြသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မိမိတို့အဖွဲ့ရောက်ရှိလာပြီး ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံစားခဲ့ရသော မြို့နယ်များသို့သွားရောက်၍ ပြည်သူများနှင့်တွေ့ဆုံ အားပေးပြီး ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်မှုအခြေအနေ၊ ရိက္ခာ၊ ဆေးဝါးနှင့်ဆေးပစ္စည်း၊ အိမ် ဆောက်ပစ္စည်းများ လူသုံးကုန်ပစ္စည်း ဆက်လက်ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ မုန်တိုင်းဒဏ် ခံမြို့ရွာများသန့်ရှင်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်မီးရရှိ အောင်ဆောင်ရွက်ပေးနေမှု၊ စာသင် ကျောင်းများ၊ ဆေးရုံးများနှင့်ဘုန်းတော်ကြီးကျောင်းများအား အမြန်ပြုပြင်ရန်ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်ဝန်ကြီးချုပ်လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထူ ထောင်ရေးကိစ္စများအရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်ဖြင့် တာဝန်ရှိသူများမှ ယခုကဲ့သို့ အနီးကပ်လာရောက်ကြီးကြပ်ဆောင်ရွက်နေခြင်းကို ရခိုင်ပြည်နယ်ပြည်သူများကိုယ်စား ကျေးဇူးတင်ပါကြောင်းနှင့် မိမိတို့ပြည်သူလူထုကလည်း ပြန်လည် ထူထောင်ရေးကိစ္စများတွင် တက်ညီလက်ညီပါဝင်ဆောင်ရွက်ကြရန်တိုက်တွန်းမှာကြားသည်။

ထို့နောက် စစ်တွေမြို့ပေါ်၌ မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအတွက် နိုင်ငံတော်အစိုးမှ ထောက်ပံ့သည့် ဆန်အိတ် ၆၃၇၀ ၊ ဆီ ၇၆၄၅ ပိဿာ၊ ဆား ၆၁၄၄ ပိဿာနှင့် ပစ္စည်း ၁၇ မျိုး၊ အိမ်သုံးပစ္စည်းသေတ္တာများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ တာပေါ်လင်စများ၊ ထောက်ပံ့ငွေကျပ်သိန်း ၂၀၀ တို့ကို ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ပြည်သူများက လက်ခံရယူကြသည်။ ဆက်လက်၍ ဆရာတော် အရှင်ဆေကိန္ဒမှ မုန်တိုင်းသင့်ပြည်သူများအတွက် လှူဒါန်းသည့် စတီးပန်းကန်ပြားများ၊ ငါးနီတူခြောက်နှင့် ငါးပိထုပ်များကို ဆရာတော်ကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ၊ ဦးကြည်စိုးထွန်းနှင့် ရုပ်ရှင်အနုပညာရှင်များက လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူကာ မြို့မိ၊ မြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့် အနုပညာရှင်များ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။