နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင်(၉)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

နေပြည်တော်၊ စက်တင်ဘာလ ၁၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ ကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။

ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်မှ Russia-ASEAN Business Dialogue အစီအစဉ်တွင်ပါရှိသည့် New contours of International cooperation ခေါင်းစဉ်အား လည်းကောင်း၊ ယင်းနေ့ညနေပိုင်းတွင် စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ Cooperation In Greater Eurasia အစီအစဉ်တွင် ပါရှိသည့် Experience of Developing Production Chains in The EAEU, SCO And BRICS ခေါင်းစဉ်အားလည်းကောင်း Panelist များ အနေဖြင့် တက်ရောက်ဆွေးနွေးခဲ့ရာ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ ဆွေးနွေးပွဲများသို့ တက်ရောက်ကြသည်။

ဖိုရမ်ကာလအတွင်း သီးခြားတွေ့ဆုံမှုများအနေဖြင့် စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် Rosatom Renewable Energy Joint-Stock Company မှ General Director Mr. Grigory Nazarov ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍနှင့် ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အလားတူ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင်  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေး ဒုတိယဝန်ကြီး Mr. Alexsei Gruzdev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပြီး အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းကို ပူးပေါင်း အကောင်အထည်ဖော်နိုင်ရေး ကိစ္စရပ်များ၊ ဆေးဝါးထုတ်လုပ်ရေးနှင့် အခြားစက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၅ ရက်နေ့တွင် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ ပင်မအခမ်းအနားဖြစ်သည့် မျက်နှာစုံညီအစည်းအဝေး (Main Forum- Plenary Session) သို့ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်မှ မိန့်ခွန်းပြောကြားခဲ့ပြီး၊ နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ပင်မဆွေးနွေးမှုများကို ဦးဆောင်ဆွေးနွေးသည်။ တရုတ်နိုင်ငံ ဒုတိယသမ္မတ Mr. Han Zheng နှင့် မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Anwar Ibrahim တို့မှ ဆွေးနွေးဘက်များအဖြစ် ပါဝင်ဆွေးနွေးသည်။ သမ္မတပူတင်အနေဖြင့် ဒေသတွင်း စွမ်းအင်နှင့်ပို့ဆောင်ရေး အခြေခံအဆောက်အဦ ကဏ္ဍများကို မြှင့်တင်ရန်အရေးကြီးကြောင်း၊ စက်မှုကဏ္ဍနှင့် လူနေမှုအဆင့်အတန်း မြင့်မားစေရန်အတွက် လျှပ်စစ်ဓာတ်အား ပံ့ပိုးမှုကို ပိုမို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Trans-Siberian Railway နှင့် the Baikal-Amur Mainline ကဲ့သို့သော ပို့ဆောင်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊ အနာဂတ်တွင် အာရှနှင့်ဥရောပတို့အကြား သင်္ဘောပတ်လမ်းကြောင်းအဖြစ် မြောက်ဖက်ပင်လယ် ရေလမ်းကြောင်းမှာ များစွာ အရေးကြီးလာမည်ဟု ရှုမြင်ထားကြောင်းနှင့် အဆိုပါ စီမံကိန်းများအနေဖြင့် အာရှဒေသနှင့်ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှုလမ်းကြောင်း (Logistics Corridors)များ ပိုမိုချိတ်ဆက်နိုင်ပြီး တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ အရှေ့ဖျားဒေသ၏ ဖက်ဒရယ်စိုက်ပျိုးရေးဆိုင်ရာ ဇီဝနည်းပညာသိပ္ပံစင်တာ လက်အောက်ရှိ ပရီမော့စကီး စိုက်ပျိုးရေး သုတေသန သိပ္ပံသို့ သွားရောက်လေ့လာခဲ့ရာ ဇီဝနည်းပညာ သိပ္ပံစင်တာ၏ ဒါရိုက်တာဖြစ်သူ Mr. Aleksei Nikolaevich မှ ကြိုဆိုနှုတ်ခွန်းဆက်ပြီး သုတေသနသိပ္ပံ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်း၊ သီးနှံများနှင့် သက်ဆိုင်သော သုတေသနများအပြင် မြေဆီလွှာဆိုင်ရာ သုတေသန၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းနှင့် သက်ဆိုင်သော သုတေသန၊ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော သီးနှံမျိုးများ ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သော မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနများ ဆောင်ရွက်နေသည့် အခြေအနေများ၊ အာလူး၊ စပါး၊ ဂျုံ၊ ပဲပုတ်၊ အစေ့ထုတ်ပြောင်းစသည့် သီးနှံများ၏ အရည်အသွေးကောင်း မျိုးစေ့များ ထုတ်လုပ်ခြင်းကို ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ သုတေသန စိုက်ခင်းများသို့ လိုက်လံပြသရာတွင် ရုရှားနိုင်ငံ အရှေ့ဖျားဒေသ၌ စိုက်ပျိုးနိုင်သည့် စပါးမျိုးများ နှင့် အခြားသီးနှံများ သုတေသနပြုစမ်းသပ်စိုက်ပျိုးထားမှု အခြေအနေကို လိုက်လံရှင်းလင်းပြသသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊  မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr. Is-Kander Azizov နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန