နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး သဘာဝဘေးအန္တရာယ်ကြောင့် ရထားလမ်းနှင့်တံတားများ ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဝန်ကြီးဌာနနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာ့မီးရထား တိုင်းအမှတ် (၅)၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး ရထားလမ်းတစ်လျှောက် မကြာမီက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေတိုက်စားပြီး ပျက်စီးချို့ယွင်းမှုအခြေအနေနှင့် အဆိုပါ ပျက်စီးချို့ယွင်းသည့် နေရာများအား မြန်မာ့မီးရထားဝန်ထမ်းများက မွမ်းမံပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် နံနက်ပိုင်းတွင် ရမည်းသင်းဘူတာသို့ရောက်ရှိပြီး ရမည်းသင်းဘူတာမှ အင်ဂျင်နီယာ သံလမ်းပြေးယာဉ်ဖြင့် ရမည်းသင်းဘူတာနှင့် အင်းကုန်းဘူတာအကြား မိုင်တိုင်အမှတ် ၂၇၁/၁၆-၁၇ ရှိ အစုန်နှင့်အဆန် ရထားလမ်းနှစ်ဖက်စလုံး၌ တာပေါင်ပေ ၃၀ ခန့်စီ ရေတိုက်စားပြတ်တောက် ပျက်စီးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရမည်းသင်းဘူတာနှင့် အင်ကြင်းကန်ဘူတာအကြား မိုင်တိုင်အမှတ် ၂၇၇/၁-၃ အတွင်း အစုန်ရထားလမ်းတာပေါင် ရေတိုက်စားမှုနှင့် မိုင်တိုင် ၂၇၇/၇-၈ အနီး အဆန်ရထားလမ်းပေါ်ရှိ တံတားအမှတ် ၅၁၅ ၏ မန္တလေးဘက်ခြမ်း ကမ်းကပ်ခုံအစွန်းခံအုတ်ခုံ ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ရွှေဒါးဘူတာနှင့် ပျော်ဘွယ်ဘူတာအကြား အဆန်ရထားလမ်းပေါ်ရှိ တံတားအမှတ် ၅၂၉ နေရာတွင် ယာယီအသုံးပြုထားသောပေ ၁၀၀ ဘေလီတံတား၏ ရေလယ်ဒေါက်တိုင်ရေတိုက်စား၍ ပြိုလဲနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်ဘူတာသို့ရောက်ရှိပြီး မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး၊ ရုံးချုပ်နှင့် တိုင်းအဆင့်မှ တာဝန်ရှိဝန်ထမ်းများကို တွေ့ဆုံ၍ မကြာမီက မြန်မာနိုင်ငံအရှေ့ပိုင်းမှဝင်ရောက်ခဲ့သည့်မုန်တိုင်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြန်မာ့မီးရထား၏ ပဲခူးတိုင်း‌ဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့ ဆက်စပ်သည့် ရန်ကုန်-မန္တလေး ရထားလမ်းမကြီးနှင့် ရှမ်းပြည်တောင်ပိုင်း၊ သာစည်-ရွှေညောင် - တောင်ကြီးရထားလမ်းပိုင်းတို့တွင် ရထားလမ်းတာပေါင်နေရာများ၊ တံတားများ ရေတိုက်စားပျက်စီးမှု ခံထားရကြောင်း၊ အဆိုပါပျက်စီးမှုများကြောင့် ရထားများပြေးဆွဲနိုင်ခြင်းမရှိဘဲ ယာယီရပ်ဆိုင်းထားရသဖြင့် ခရီးသည်နှင့် ကုန်စည်သွားလာပို့ဆောင်မှုကို ထိခိုက်နေကြောင်း။

ထို့ကြောင့် ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထားလမ်းနှင့်တံတားများ ပြင်ဆင်မွမ်းမံမှုကို တိုင်းနယ်နိမိတ်အလိုက် လူအင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်တို့ဖြင့် စနစ်တကျစီမံကြီးကြပ်သွားရေး၊ အဓိကရထားလမ်းပိုင်းများတွင် မိုင်နှုန်းတိုးမြှင့်နိုင်ရေးအတွက်လည်း စီမံချက်စနစ်တကျချမှတ် အကောင်အထည်ဖော်သွားရေး၊ အသုံးမပြုတော့သည့် သံလမ်းဟောင်း၊ ဇလီဖားအဟောင်းများကို ဘူတာများတွင် စနစ်တကျ သိမ်းဆည်းထိန်းသိမ်းရေးနှင့် ဘူတာသန့်ရှင်းသပ်ရပ်ရေးတို့ကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်ဘူတာနှင့် ရှမ်းရွာဘူတာအကြား အစုန်၊ အဆန်ရထားလမ်း နှစ်နေရာတွင် ရေတိုက်စားပြီး လမ်းတာပေါင် ပြတ်ကျပျက်စီးနေမှုကို ကြည့်ရှုစစ်ဆေးကာ ရေမျောသွားသည့် လမ်းခင်းကျောက်များ လေလွင့်ဆုံးရှုံးမှုနည်းပါးအောင် ပြန်လည်ဆယ်တင်နိုင်ရေး၊ ပြန်လည်ပြင်ဆင်မှုလုပ်ငန်းများ ပိုမိုထိရောက် မြန်ဆန်စေရေးအတွက် စက်ယန္တရားများအသုံးပြုပြင်ဆင် မွမ်းမံရေး၊ သတ်မှတ်ထားသည့် စံနှုန်းအတိုင်း ပြုပြင်ထိန်းသိမ်းမှု ကိုဆောင်ရွက်ရေးလိုအပ်ချက်များကို မှာကြားခဲ့ကြောင်းသိရှိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန