နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လေဆိပ်များနှင့် ကော့သောင်းဆိပ်ကမ်းတို့အား သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လေဆိပ်များနှင့် ကော့သောင်း ဆိပ်ကမ်းများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်လေဆိပ်၊ မြိတ်လေဆိပ်၊ ဘုတ်ပြင်းလေဆိပ်နှင့် ကော့သောင်းလေဆိပ်များသို့ ရောက်ရှိပြီး လေဆိပ်အလိုက် လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲနေမှု၊ လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မြိတ်လေဆိပ်၊ ကော့သောင်းလေဆိပ်များတွင် ကုန်စည်လေယာဉ်ခရီးစဉ်များ ဆင်းသက်နိုင်ရန် လေယာဉ်ပြေးလမ်းနှင့် လေယာဉ်ရပ်နားနေရာများ တိုးချဲ့တည်ဆောက်နိုင်မည့် အခြေအနေများကို ညွှန်ကြားရေးမှူးချုပ်၊‌ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လေဆိပ်အလိုက် ရှင်းလင်းတင်ပြမှုများအပေါ် မကြာမီ ခရီးသွားလာမှု များပြားသည့် ပွင့်လင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်ရာ  လေကြောင်းဖြင့် ခရီးသွားလာမှုများ တိုးတက်များပြားလာမည်ဖြစ်သည့်အတွက် လေဆိပ်အလိုက် လေယာဉ်များအား အန္တရာယ်ကင်းရှင်းမှုရှိစေရေး လေယာဉ်ပြေးလမ်းများနှင့် လေယာဉ်ဆင်းသက်မှု အထောက်အကူပြု ပြေးလမ်းမီးများ၊ လေကြောင်းလမ်းညွှန်ကိရိယာများ၊ ပြေးလမ်းအမှတ်အသားများ ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ထားရန်၊ လေဆိပ်အဆောင်အဦများကို သန့်ရှင်းသပ်ရပ်မှုရှိပြီး ခရီးသွားပြည်သူများ အဆင်ပြေစွာ ဝင်/ ထွက်သွားလာနိုင်ရေး အဆင့်အတန်းမီ ဝန်ဆောင်မှုပေးနိုင်သည့် လေဆိပ်များဖြစ်စေရေး တာဝန်ရှိသူ အဆင့်ဆင့်က အလေးထား ကြပ်မတ်ဆောင်ရွက်ရန်၊ လေဆိပ်များလုံခြုံရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုံခြုံရေး ကျိုးပေါက်မှုဖြစ်စဉ်များ မဖြစ်ပွားစေရေး လုံခြုံရေးအသိ၊ သတိရှိရှိဖြင့် ဆောင်ရွက်ရန် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ လိုက်ပါလာသည့် ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မဉ္ဇူသကခန်းမတွင် ကော့သောင်းမြို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကော့သောင်းဆိပ်ကမ်းသို့ရောက်ရှိရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၌ မြို့မဆိပ်ခံတံတား၊ ဘုရင့်နောင်ဆိပ်ခံတံတား၊ တော်ဝင်ကွန်ကရိဆိပ်ခံတံတားနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ကျောက်ထနောင်း ကွန်ကရိဆိပ်ခံတံတားများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဝင်ငွေရှာဖွေပေးနေမှုအခြေအနေများကိုလည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရနောင်း-ကော့သောင်း-ရန်ကုန် ခရီးစဉ်ဖြင့် ကမ်းရိုးတန်းသွား သင်္ဘောငယ်များ အသုံးပြု၍ ကုန်သေတ္တာစနစ်ဖြင့် ကုန်စည်များတင်ပို့နေမှုများကို အသေးစိတ် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တော်ဝင်ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားသော MCL 4 ရေယာဉ်ပေါ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေးစဉ် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းအဖွဲ့ဝင် သက်ဆိုင်ရာဌာန တာဝန်ခံများမှ လိုက်လံရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တရားမဝင်ကုန်စည်ပါဝင်မှု မရှိစေရေးအလေးထားဆောင်ရွက်ရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန