နေပြည်တော်၊ ဒီဇင်ဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဖိတ်ကြားချက်အရ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုလွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ ပူးတွဲကော်မတီ၏ နဝမအကြိမ်မြောက် အစည်းအဝေးနှင့် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီ အဆင့်မြင့် အရာရှိကြီးအဆင့် အကြိုညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
အစည်းအဝေး ပထမနေ့ ဖြစ်သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များမှ အမျိုးသားပို့ဆောင်မှုလွယ်ကူချောမွေ့စေရေးကော်မတီ အဆင့်မြင့်အရာရှိကြီးအဆင့် အကြိုညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားသည့် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ အကောင်အထည်ဖော်မှု ကိစ္စရပ်များ၊ သဘောတူစာချုပ်၏ အခြေပြစာချုပ်ငယ်-၁ (GMS CBTA Protocol 1) အရ လမ်းကြောင်းနှင့် နယ်စပ်ဝင်/ထွက် ပေါက်နေရာများ ဒုတိယအကြိမ် ထပ်မံတိုးချဲ့ရေးအတွက် နားလည်မှုစာလွှာ မူကြမ်းနှင့် ဂျီအမ်အက်စ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်အရ ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မှုနှင့် ၂၀၂၅ ခုနှစ်အတွက် ရည်မှန်းချက်များအပေါ် ဆွေးနွေးညှိနှိုင်းကြပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစည်းအဝေး ဒုတိယနေ့ဖြစ်သည့် ၁၃ ရက်နေ့တွင် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ ပူးတွဲ ကော်မတီ၏ နဝမအကြိမ်မြောက် အစည်းအဝေးကို မဟာမဲခေါင်ဒေသတွင်းနိုင်ငံများမှ ပို့ဆောင်ရေးဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ နှင့်အတူ ဆက်လက်တက်ရောက်ရာ အစည်းအဝေးတွင် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီ အဆင့်မြင့်အရာရှိကြီးအဆင့် ညှိနှိုင်းအစည်းအဝေး (NTFC SOM) အစီရင်ခံစာ၊ ပူးတွဲကော်မတီ၏ နဝမအကြိမ်မြောက် အစည်းအဝေး ပူးတွဲကြေညာချက်နှင့် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ် အခြေပြစာချုပ်ငယ်-၁ (CBTA Protocol 1) ဆိုင်ရာ လမ်းကြောင်းနှင့် နယ်စပ်ဝင်/ထွက်နေရာများ ဒုတိယအကြိမ် ထပ်မံတိုးချဲ့ရေးအတွက် နားလည်မှုစာလွှာတို့ကို ဆွေးနွေး အတည်ပြုကြသည်။
မြန်မာနိုင်ငံသည် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ် (GMS CBTA) ကို ၂၀၀၃ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအားလုံးမှ ၂၀၁၅ ခုနှစ်တွင် သဘောတူစာချုပ်နှင့် ၎င်း၏ နောက်ဆက်တွဲ စာချုပ်ငယ်များနှင့် အခြေပြစာချုပ်ငယ်များကို လက်ခံအတည်ပြုခဲ့ကြသည်။ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအခက်အခဲများကို ဖြေရှင်းရန် ဆက်သွယ်ချိတ်ဆက်မှု တိုးတက်မှုများမှ အကျိုးအမြတ်များဖြစ်သည့် ယှဉ်ပြိုင်မှုတိုးတက်လာခြင်းနှင့် ကုန်ကျစရိတ်လျှော့ချခြင်းဖြင့် ကုန်သွယ်မှုချောမွေ့လာခြင်း၊ ကုန်သွယ်မှု၊ ခရီးသွားမှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းနှင့် ဒေသတွင်းရှိ ပြည်သူများ၏ နေထိုင်မှုဘဝများ တိုးတက်လာခြင်းတို့ကို ရယူရန်အတွက် အရေးပါသည့် စာချုပ်တစ်ခုဖြစ်ပြီး၊ မဟာမဲခေါင်ဒေသခွဲအတွင်း ပိုမိုကောင်းမွန်သော၊ ကြွယ်ဝပြည့်စုံသောအခြေအနေသို့ ရောက်ရှိရန်အတွက် စာချုပ်အား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရမည် ဖြစ်သည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် မြန်မာ့အမျိုးသားလေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန