နေပြည်တော်၊ ဖေဖော်ဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဧရာဝတီမြစ်ကမ်းပါးရှိ အိပ်ပျက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှုကာကွယ်ရေးအတွက် ကမ်းထိန်းတမံတည်ဆောက်နေမှုနှင့် သောင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နေရာသို့ရောက်ရှိရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဧရာဝတီမြစ်အတွင်းမှ ရေယာဉ်ဖြင့် ကြည့်ရှု့စစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ရေးဆွဲထားသော လုပ်ငန်းအချိန်ဇယား (Work Plan) အတိုင်း အချိန်မီ ပြီးစီးရေးဆောင်ရွက်ရန်၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမြန်ရေယာဉ်ဖြင့် ဆက်လက်ထွက်ခွာပြီး ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဧရာဝတီမြစ်ကမ်းပါးဘေးရှိ အုန်းကုန်းကျေးရွာ ရေတိုက်စားကမ်းပြိုမှုနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်မည့်အစီအမံများ တင်ပြမှုအပေါ် ထိရောက်အကျိုးရှိစေသည့် ရေရှည်အစီအမံများ (Master Plan) သေချာလေ့လာ ရေးဆွဲပြီးအမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန