နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နေပြည်တော်နယ်မြေအတွင်း ဌာနအလိုက် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေး စီစဉ်ပေးထားသည့် စခန်းနေရာများသို့ လှည့်လည် ကြည့်ရှုစစ်ဆေးခြင်း

နေပြည်တော်၊ ဧပြီ ၆  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဝန်ကြီးဌာနမှတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့် ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းမိသားစုများ၏ ယာယီနေရာချထားရာစခန်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ မြန်မာ့စာတိုက်လုပ်ငန်းရုံးသို့ ရောက်ရှိပြီး ရုံးဝင်းအတွင်း ငလျင်ဒဏ်ခံရသဖြင့် ဝန်ထမ်းမိသားစုအင်အား  ၉၂ ဦး တို့အား ယာယီစခန်းချထားမှုကို ကြည့်ရှုစစ်ဆေးရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စုစည်းနေရာချထားမှုအခြေအနေ၊ ဝန်ထမ်းမိသားစုများအတွက် စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်ပေးမှုအခြေအနေနှင့် ရုံးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းပြသမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များအား ဖြည့်ဆည်းပေးပြီး ဝန်ထမ်းမိသားစုများအား အားပေးစကား ပြောကြားခဲ့သည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်ရှိ မြန်မာ့မီးရထား၏ နေပြည်တော်ဘူတာကြီးသို့ ရောက်ရှိလာပြီး ဘူတာစင်္ကြံအမှတ်(၃)သို့ ဆိုက်ရောက်လာသော ရန်ကုန်-နေပြည်တော် အမှတ် (၇) အဆန် DEMU ရထားတွဲဆိုင်းနှင့် ဘူတာစင်္ကြံအမှတ် (၂) ၌ နေပြည်တော်မှ မန္တလေးသို့ ထွက်ခွာရန်အဆင်သင့်ဖြစ်နေသည့် အမှတ်(၂၇)အဆန်၊ လေအိတ်အမြန်ရထားတွဲဆိုင်းတို့အား ကြည့်ရှစစ်ဆေး၍ ရထားများ အချိန်မှန်ထွက်ခွာ၊ ဆိုက်ရောက်နိုင်ရေး၊ သတ်မှတ်အမြန်နှုန်းဖြင့် ပြေးဆွဲနိုင်ရေး၊ ရထားခရီးစဉ်သတင်းအချက်အလက်များကို ပြည်သူလူထု ကျယ်ပြန့်စွာသိရှိစေရေး လိုအပ်ချက်များကိုမှာကြားသည်။ ဆက်လက်၍ နေပြည်တော် ဘူတာကြီးနယ်မြေအတွင်း ငလျင်ဒဏ်ခံ ဝန်ထမ်းမိသားစုအင်အား ၈၀၀ဦးတို့အား နေရာချထားမှု အခြေအနေ၊ မြန်မာ့မီးရထားဆေးအဖွဲ့မှ ဝန်ထမ်းမိသားစုနှင့် ဒေသခံပြည်သူတို့အား ဆေးဝါးကုသပေးမှု အခြေအနေတို့ကို စစ်ဆေးလျက် ယာယီစခန်းစတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ လူနာစုစုပေါင်း ၇၇၁ ဦးကုသပေးနိုင်ခဲ့မှုအပေါ် ဆက်လက်၍ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရေး မှာကြားသည်။ ၎င်းနောက် မီးဖိုဆောင်နေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ မိသားစုအလိုက် အမိုး၊ အကာဖြင့် စနစ်တကျ နေရာချထားရန်နှင့် ကာလတစ်ခုအထိ အဆင်ပြေစွာ နေထိုင်နိုင်ရေး Camp တည်ဆောက်ရန် လိုအပ်သည့် မြေနေရာများ ကြိုတင်စီစဉ် ဆောင်ရွက်ကြရေး မှာကြားခဲ့သည်။ ဆက်လက်၍ မြန်မာ့မီးရထား(ရုံးချုပ်)၊ စီးပွားရေး ဌာနခွဲရုံးဝင်းအတွင်းရှိ ဝန်ထမ်းမိသားစု ၄၃၄ ဦးရှိသည့်  ယာယီစခန်းနေရာသို့ရောက်ရှိပြီး နေရာချထားပေးမှုအစီအစဉ်၊ စားသောက်ရေး အစီအစဉ်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအား အားပေးစကား ပြောကြားခဲ့သည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗုပ္ဗသီရိမြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး(ရွာတော်)သို့ရောက်ရှိလာပြီး ဌာနဝန်ထမ်းမိသားစုအင်အား ၁၀၈ ဦးတို့ ယာယီစခန်းချနေထိုင်မှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အလေးပေး အားပေးစကားပြောခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန