နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲတက်ရောက်

နေပြည်တော်၊ ဇူလိုင် ၁၁

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသစ်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)တွင် ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် ၎င်းတို့၏ဇနီးများ၊ ဆုရရှိသူ  ကျောင်းသား / ကျောင်းသူများနှင့် မိဘများ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားကို အစီအစဉ်အတိုင်းကျင်းပရာ ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ အနာဂါတ်ပညာရေး တိုးတက်ကောင်းမွန်စေရန် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက် အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဟူသည့် လူမှုရေး ဦးတည်ချက်လည်း ပါဝင်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းရှိသော ပညာတတ်များစွာ ပေါ်ထွန်းလာရေး အားပေးမြှင့်တင်လျက်ရှိကြောင်း၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝန်ထမ်းသားသမီးများထဲမှ ဘာသာစုံဂုဏ်ထူးရှင် (၇) ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၁၄) ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၁၄) ဦး အပါအဝင် ဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၂၇)ဦးတို့အား “ချီးမြှင့်ထိုက်သူကို ချီးမြှင့်ခြင်း” ဟူသည့် မင်္ဂလာတရားတော်နှင့်အညီ ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုရိုးစကားအတိုင်း နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ရာ ပညာထူးချွန်သော လူတော်လူကောင်းများ ဖြစ်လာစေရေး၊ ဘက်စုံထူးချွန်သူများ ဖြစ်လာစေရေး အစဉ်ကြိုးပမ်း သွားကြရန်၊ အဆင့်အတန်းမြင့်မားသည့် ပညာရပ်များကို ကြိုးစားသင်ယူပြီး မိမိအကျိုး၊ မိသားစုအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ထူးချွန်ထက်မြက်သည့် လူငယ်များ ဖြစ်လာကြစေရေး ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသည့် ဝန်ထမ်းများ၏ သား၊သမီးများအတွက် ကျောင်းသုံးစာရေးကိရိယာများ၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများကို ဆုများအသီးသီး ချီးမြှင့် ပေးအပ်ပါသည်။  ယင်းနောက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအတွက် ဝန်ထမ်းတစ်ဦးက လည်းကောင်း၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများကိုယ်စား ဆုရရှိသည့် ကျောင်းသားတစ်ဦးကလည်းကောင်း ကျေးဇူးတင်စကား ပြောကြားပြီး ဆုရရှိသူ ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယနေ့အခမ်းအနားတွင် အခြေခံပညာအဆင့် ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူ (၁၆,၁၇၇) ဦးအတွက် ကျောင်းသုံးစာရေး ကိရိယာနှင့် ဗလာစာအုပ်များ၊ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ (၁၂၇)ဦးအား ဂုဏ်ပြုလွှာနှင့် ဆုငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန