နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိ ဖြန့်ဖြူးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး

စစ်တွေ မေ ၂၀

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ မုန်တိုင်းကြောင့် ပြိုလဲနေသော သစ်ပင်သစ်ကိုင်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်နေခြင်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် လောကနန္ဒာ စေတီတော်မြတ်ကြီး၊ စင်္ကြာမုနိသိမ်တော်စေတီနှင့် သာသနာ့ဗိမာန် တို့သို့ ရောက်ရှိပြီး ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပျက်စီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်ရေးကိစ္စများ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် စေတီတော်ပရိဝုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သာသနာ့ဗိမာန် အောက်ထပ်တွင် ခေတ္တသိုလှောင်ထားသော ရိက္ခာနှင့် ထောက့်ပံ့ရေးပစ္စည်းများကို ကြည့်ရှုစစ်ဆေးကာ မုန်တိုင်းဒဏ်သင့် မြို့နယ်၊ ကျေးရွာများသို့ အမြန်ပေးပို့ ထောက်ပံ့ရေး ညှိနှိုင်း မှာကြားခဲ့သည်။

ထို့နောက် စစ်တွေမြို့ဆိပ်ကမ်းသို့ ရောက်ရှိနေသည့် စစ်ရေယာဉ်(မုတ္တမ) ပေါ်မှ ထောက်ပံ့ရေးပစ္စည်းများကို သက်ဆိုင်ရာမြို့နယ်များသို့ ပေးပို့ရန် သယ်ယူ ပို့ဆောင်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ပစ္စည်းချမှု ပိုမိုမြန်ဆန်ရေး လိုအပ်သော အင်အား ထပ်မံဖြည့်တင်းဆောင်ရွက်ရန် စီစဉ်မှာကြားခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဆေးရုံကြီးအား ပြန်လည်ပြုပြင်ပြီးစီးမှုနှင့်ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ထပ်မံလိုအပ်သည့် သွပ်ပြားများဖြည့်ဆည်းပေးပြီး ဆေးရုံအား အမြန်ပြုပြင်ပြီးစီးရေးနှင့် သူနာပြုသင်တန်းကျောင်း ပျက်စီးမှုများကိုလည်း အမြန်ပြုပြင်ကာ ရပ်နားထားသော သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။

ဆက်လက်၍ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆိပ်ကမ်းဝင်းအတွင်း သိုလှောင်ရုံသို့ ရောက်ရှိပြီး ဆန်၊ ဆီနှင့် ရိက္ခာထုပ်များ၊ တာပေါ်လင်စများ သိုလှောင်ထားရှိမှု၊ ဖြန့်ခွဲနေမှုနှင့် သိုလှောင်ရုံအမိုးများ ပြန်လည်မိုးကာ ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်နှင့် မြို့နယ်ပညာရေးမှူးတို့အား တွေ့ဆုံ၍ စစ်တွေမြို့ပေါ်နှင့် မြို့နယ်များရှိ အထက်တန်းကျောင်းများ သန့်ရှင်းရေးနှင့် ကျောင်းဖွင့်ရာသီအမီ အမြန်ဆုံး ပြုပြင်နိုင်ရေး၊ သတ်မှတ်ရက်များအတိုင်း ကျောင်းလက်ခံရေး၊ သင်ကြားရေးတို့ကို ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

နေ့လယ်ပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် အစိုးရအဖွဲ့ရုံး၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက မုန်တိုင်းဒဏ်ခံရသော ပြည်သူများအတွက် သောက်သုံးရေသန့် ရရှိရေး လျှပ်စစ်ဓာတ်အားသုံးစွဲရန် မလိုဘဲ ရွှေ့ပြောင်းသယ်ယူ အသုံးပြုနိုင်သည့် Life Straw ရေသန့်စင်စက်များအား ကြည့်ရှု စစ်ဆေးသည်။

၎င်းစက်များဖြင့် စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်းမှ သဘာဝရေကို သန့်စင်ရာ ကြည်လင် သန့်ရှင်းသည့် သောက်သုံးရေကို ရနိုင်ပြီး တစ်နာရီလျှင် ၁၅ လီတာမှ ၂၀ လီတာထိ သန့်စင်ပေးနိုင်ကာ တစ်ရက်လျှင် လူဦးရေ ၁၀၀ အတွက် သောက်သုံးရေ လုံလောက်စွာ ထုတ်ပေးနိုင်ကြောင်း သိရသည်။

ရောက်ရှိပြီးဖြစ်သော ၎င်းရေသန့်စင်စက် အလုံး(၅၀)ကို မုန်တိုင်းဒဏ်ခံရသော မြို့ရွာများသို့ အမြန် ဖြန့်ခွဲ ပေးပို့သွားမည်ဖြစ်ပြီး ဆက်လက်ရောက်ရှိလာမည့် အလုံး(၁၆၀) ကိုလည်း ဆက်လက် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ညနေပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သော သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးသို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများ တက်ရောက်ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးများကလည်း ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့မှ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြကြပြီး ဒုတိယဝန်ကြီးများကလည်း ဝန်ကြီးဌာနအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

အလားတူ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများကလည်း မိမိတို့ခရိုင်အလိုက် ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြကြရာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်း က နိုင်ငံတော်အစိုးရမှ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရသော ဒေသများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ပိုမိုထိရောက်စေရေး ကြီးကြပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားမှု၊ ထောက်ပံ့ရေးပစ္စည်းများ သက်ဆိုင်ရာဒေသများနှင့် ပြည်သူများလက်ဝယ်သို့ စနစ်တကျနှင့် မြန်မြန်ဆန်ဆန် ရောက်ရှိရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပြီး ပုံမှန်အခြေအနေ ရောက်အောင် ကြိုးစားဆောင်ရွက်ရေး၊ နောက်ဆက်တွဲ ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကျန်းမာရေးကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေး၊ ဌာနဆိုင်ရာများအချင်းချင်း ညှိနှိုင်း ဆောင်ရွက်ပြီး ပြည်သူများ အင်အားဖြင့်ပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။