နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် စာသင်ဆောင် အဆောက်အဦ၊ လမ်း တံတားများ ပြင်ဆင်နေမှုအခြေအနေ၊ တည်ဆောက်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေပေးပို့ရန် ကုလားတန် ၄၊ ၅၊ ၆ ရေယာဉ် (၃)စီး ဖောင်တော်ကြီးဆိပ်ခံတံတားမှ ထွက်ခွာမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

စစ်တွေ   မေ  ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေတက္ကသိုလ်သို့ ရောက်ရှိကြပြီး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများ ရှင်းလင်းပြီးစီးမှုနှင့် စာသင်ဆောင်များ အမိုးမိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ကြည့်ရှုစစ်ဆေးစဉ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စာသင်ကျောင်းများ မဖွင့်လှစ်မီ ဦးစားပေး ပြုပြင်ရန်လိုအပ်သည့် စာသင်ဆောင်များကို အချိန်မီ ပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ကျောင်းဖွင့်ချိန်တွင် သင်ကြားသင်ယူမှု လုပ်ငန်းများ ပုံမှန် ဆောင်ရွက်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မုန်တိုင်းတိုက်ခတ်ချိန်တွင် ဒီရေမြင့်တက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော စစ်တွေ-ပလ္လင်ပြင် လမ်းပေါ်ရှိ သဲချောင်းတံတားနေရာ၌ ဒေသခံပြည်သူများ ယာယီ သွားလာရေး လွယ်ကူစေရန် အစားထိုးဆောင်ရွက်ထားသည့် နှစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ယာယီဘေလီတံတား တည်ဆောက်ပြီးစီးမှုနှင့် တံတားအသစ် ထပ်မံ တည်ဆောက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ မုန်တိုင်းတိုက်ခတ်ချိန်တွင် ထိခိုက်ပျက်စီးခဲ့သော ဒါးပိုင်တံတားနေရာ၌ ဒေသခံပြည်သူများ ယာယီသွားလာရေး လွယ်ကူစေရန် အစားထိုး ဆောင်ရွက်ထားသည့် တစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါတံတားများသည် မေ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် တံတားများဖြစ်ပြီး ဒေသခံပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကိစ္စများ လွယ်ကူစွာ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အသုံးပြု သွားလာနိုင်ရန် ယာယီဘေလီတံတား တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက မေ ၁၆ ရက်မှစ၍ တည်ဆောက်ရေးပစ္စည်းများ စုဆောင်းခြင်းကို ဆောင်ရွက်ခဲ့ပြီး မေ ၁၈ ရက်မှစ၍ သဲချောင်းတံတားကို ပေ(၁၄၀) အရှည်၊ ယာဉ်/ကုန် ခံနိုင်ဝန် ၁၆ တန်၊ နှစ်လွှာတစ်ထပ် ဘေလီတံတားအဖြစ် လည်းကောင်း၊ ဒါးပိုင်တံတားကို ပေ(၆၀)အရှည်၊ ယာဉ်/ကုန် ခံနိုင်ဝန် ၁၆ တန်၊ တစ်လွှာ တစ်ထပ် ဘေလီတံတား အဖြစ်လည်းကောင်း တည်ဆောက်ခဲ့ရာ မေ ၂၂ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သဖြင့် လူနှင့်ယာဉ်များ ပုံမှန်အခြေအနေအတိုင်း ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်သည်။

အဆိုပါ တံတားများ တည်ရှိသည့် စစ်တွေ-ပလ္လင်ပြင်လမ်းသည် Class(A) အဆင့် ကျေးရွာချင်းဆက်လမ်း တစ်လမ်းဖြစ်ပြီး စစ်တွေတက္ကသိုလ်နှင့် ပတ်ဝန်းကျင်ကျေးရွာ များသို့ သွားသည့် အဓိကလမ်း တစ်လမ်းဖြစ်သည်။ ယင်းလမ်းပိုင်းတွင် IDP Camp များ တည်ရှိပြီး ပလ္လင်ပြင်ကျေးရွာအထိ ကျေးရွာပေါင်း ၉ ရွာကို ဖြတ်သန်း ဖောက်လုပ်ထားသော လမ်းဖြစ်သည်။ အဆိုပါတံတားများ တည်ဆောက်ပြီးစီးခြင်းကြောင့် ကျေးရွာ ၉ ရွာရှိ ဒေသခံပြည်သူလူထုအနေဖြင့် စစ်တွေမြို့သို့ အချိန်မရွေး အလွယ်တကူ သွားလာနိုင်မည်ဖြစ်သည့်အပြင် ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် တည်ဆောက်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကုလားတန် ၄၊ ၅၊ ၆ ရေယာဉ် (၃)စီးဖြင့် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတားမှ စတင် ထွက်ခွာမှုကို သွားရောက်ကြည့်ရှုသည်။

ကုလားတန် ၄ ရေယာဉ်သည် တည်ဆောက်ရေးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်း စုစုပေါင်း ၁၉၈ ဒသမ ၇ တန် တင်ဆောင်ပြီး ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့ တို့သို့ လည်းကောင်း၊ ကုလားတန် ၅ ရေယာဉ်သည် တည်ဆောက်ရေးပစ္စည်းနှင့် စားသောက်ကုန် ပစ္စည်း စုစုပေါင်း ၁၉၅ ဒသမ ၆ တန် တင်ဆောင်ပြီး ရသေ့တောင်နှင့် မောင်တောမြို့တို့သို့ လည်းကောင်း၊ ကုလားတန် ၆ ရေယာဉ်သည် တည်ဆောက်ရေးပစ္စည်းနှင့် စားသောက်ကုန် ပစ္စည်း စုစုပေါင်း ၄၈ ဒသမ ၉၃ တန် တင်ဆောင်၍ ပေါက်တော၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့ တို့သို့ လည်းကောင်း သွားရောက်၍ ဒေသခံပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေ ပေးသွားမည်ဖြစ်သည်။

ညနေပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ကော်မတီအလိုက် တာဝန်ရှိသူများက စားရေရိက္ခာများ လက်ခံ ရရှိမှုနှင့် ထောက်ပံ့ပြီးစီးမှု၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်  ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြပြီး လိုအပ်ချက်များကို အကြံပြု ဖြည့်စွက်ဆွေးနွေးကြသည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ပြီးစီးနိုင်ရေးအတွက် လူအင်အား၊ စက်ယန္တရား အင်အားနှင့် အခြားလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မိုခါမုန်တိုင်း ဘေးအန္တရာယ်မကျရောက်မီ ရခိုင်ပြည်နယ်အတွင်းတွင် ဆက်သွယ်ရေးအော်ပရေတာ ()ခု၏ မိုဘိုင်းစခန်း (၁၂၃၃)စခန်း ရှိသည့်အနက် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မိုဘိုင်းစခန်း (၉၀၄)စခန်း ဆက်သွယ်မှု ပြတ်တောက်ခဲ့ရာ ဆက်သွယ်မှု ပြန်လည်ရရှိစေရေးအတွက် ချို့ယွင်းပြတ်တောက်ခဲ့သည့် မြေပေါ်/ မြေအောက် ဖိုင်ဘာကေဘယ်လ် ဆက်ကြောင်းများ၊ မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းများနှင့် မြို့တွင်းကေဘယ်လ် ကွန်ရက်များ ပြန်လည်ပြုပြင်ခြင်း၊ ပျက်စီးသွားသော မိုဘိုင်းဆက်သွယ်ရေးစခန်းများ ပြန်လည်ပြုပြင်ခြင်း စသည့်လုပ်ငန်းများကို ဒေသခံနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သည့် ဆက်သွယ်ရေးဝန်ထမ်း စုစုပေါင်း အင်အား (၄၀၀)ကျော်ဖြင့် ပြန်လည် ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ မိုဘိုင်းစခန်း စုစုပေါင်း (၆၄၇) စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့သောကြောင့် မိုဘိုင်းစခန်း စုစုပေါင်း (၉၇၆)စခန်း ရာခိုင်နှုန်းအားဖြင့် (၇၉ ဒသမ ၁၆)ရာခိုင်နှုန်းဖြင့် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ပေးနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။