နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် ပေါက်တော မြို့နယ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံ ပေးအပ်၊ ပေါက်တောမြို့၌ အခမဲ့ ကွင်းဆင်းဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပေါက်တောမြို့ အခြေခံပညာအထက်တန်းကျောင်း ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံနေမှုကို ကြည့်ရှုစစ်ဆေး

စစ်တွေ   မေ  ၂၄                                       

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ပေါက်တောမြို့နယ် သို့ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ပေါက်တောမြို့နယ် ပြန်လည်ထူထောင်ရေး ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲတွင် ပေါက်တောမြို့နယ် ပြန်လည်ထူထောင်ရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ပေါက်တောမြို့နယ်အား လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်သွားမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အစီအမံများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ဒေသများ၏ ကူညီကယ်ဆယ်ရေးနှင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးအနက်ထားပြီး ပြည်ထောင်စုအဆင့် အနီးကပ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နေမှု၊ လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ဖြန့်‌ခွဲနိုင်မည့်အခြေအနေ၊ ထူထောင်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးနှင့် မုန်တိုင်းအလွန်ကာလတွင် မူလအခြေအနေ အထက် ပိုမိုကောင်းမွန်သည့် အနေအထားဖြစ်အောင် မျှော်မှန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် မြို့နယ်(၁၈)မြို့နယ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် တပ်မတော်မှအရာရှိကြီးများ တာဝန်ပေးစေလွှတ်ထားကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ အနေဖြင့်လည်း ပါဝင်ပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပျက်စီးမှု အနည်းအများနှင့် ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်အတိုင်း ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးပိုင်းနှင့် ပတ်သက်၍လည်း မုန်တိုင်းဒဏ်သင့် ဒေသများသို့ အထူးကုဆရာဝန်ကြီးများ ဦးစီး၍ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့နှင့် အထူးကုဆေးအဖွဲ့များ ‌စေလွှတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆက်သွယ်ရေးကဏ္ဍသည်လည်း အရေးကြီးသည့်အတွက် ပြည်သူလူထု အဆင်ပြေ ချောမွေ့စွာ ဆက်သွယ်မှုရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ဝန်ထမ်းများ နေ့ညမပြတ် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထောက်ပံ့ရေးစ္စည်းများ အချိန်မီရောက်ရှိရေးနှင့် လိုအပ်သည့်ဒေသများသို့ စနစ်တကျ ဖြန့်ခွဲပေးပို့နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးအတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံ ပေးအပ်ပြီး ပေါက်တောမြို့၌ ကလေးအထူးကု၊ သမားတော်၊ သွားနှင့်ခံတွင်း အထူးကု၊ မျက်စိအထူးကု၊ အရိုးအထူးကု၊ သွားဖွားမီးယပ်အထူးကု၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ အခမဲ့ ကွင်းဆင်းဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကာ လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။

ယင်းနောက် ပေါက်တောမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပေါက်တောမြို့ ဘဝမ်းကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော် ကြည်ညိုပြီး ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် အမိုးသွပ်များကို ဆက်ကပ် လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မိုခါမုန်တိုင်းဒဏ်သင့် ဒေသများတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 အခမ်းအနားတွင် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို အလှူရှင်များက ပေးအပ် လှူဒါန်းရာ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယနေ့အခမ်းအနားတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အသုံးပြုရန် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၂၅၆ သိန်း လက်ခံရရှိခဲ့ကြောင်း သိရသည်။

ညနေပိုင်းတွင် နေပြည်တော်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်၍ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီး ဦးစိုးကြည်တို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် စစ်တွေမြို့နယ် ကျက်တောပြင်ကျေးရွာရှိ ကျွဲ၊ နွား(၁၂၁) ကောင်ကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ထိခိုက်ဒဏ်ရာနှင့် နာမကျန်းဖြစ်ပွားလျက်ရှိသည့် ကျွဲ၊ နွား(၂၃)ကောင်နှင့် အင်အားချိနဲ့ ကျွဲ၊နွား(၅၂)ကောင်ကို အားဆေး ထိုးနှံခြင်း၊ အုန်းရေဖော်ကျေးရွာရှိ ကျွဲ၊နွား အကောင်(၂၀)ကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ထိခိုက်ဒဏ်ရာနှင့် နာမကျန်းဖြစ်ပွားလျက်ရှိသည့် ကျွဲ၊နွား(၅)ကောင်နှင့် အင်အားချိနဲ့ ကျွဲ၊နွား(၇)ကောင်တို့ကို အားဆေးထိုးနှံခြင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် စစ်တွေတပ်နယ်အတွင်းရှိ နွား(၁၁၇)ကောင်ကို လည်ချောင်းကွဲ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ နာမကျန်းဖြစ်ပွားလျက်ရှိသည့် နွား(၈)ကောင်ကို ဆေးကုသပေးခြင်း၊ ဝက်(၁၂)ကောင်ကို ဝက်ပလိပ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ သံချဆေးနှင့် အားဆေးများ ထိုးနှံပေးခြင်းနှင့် နာမကျန်းဝက်(၁)ကောင်ကို ဆေးကုသပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသည့် မုန်တိုင်းဒဏ်သင့် မြို့နယ်များအတွင်းရှိ ကျေးရွာများတွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ကုသမှုလုပ်ငန်း များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။