နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နေပြည်တော် ကုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၃)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ကြည့်ရှုအားပေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၃)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့တွင် နေပြည်တော်ကုတင် (၁၀၀၀) အထွေထွေရောဂါကု ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး သွားရောက်ကြည့်ရှု အားပေးသည်။

ယခုစုပေါင်းသွေးလှူဒါန်းပွဲတွင် နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် စေတနာ သွေးလှူရှင် စုစုပေါင်း (၆၀) ဦးတို့ ပါဝင်လှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ ဌာနကြီးမှူးများ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ အားဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများကိုပေးအပ်ခဲ့ကြသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။ 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၃)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တနင်္သာရီ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ သက်ဆိုင်ရာ ဆေးရုံများနှင့် သွေးဌာနများတွင် ကျင်းပပြုလုပ်ခဲ့ပြီး စုစုပေါင်း သွေးလှူရှင် (၄၀၆)ဦး ပါဝင်လှူဒါန်းခဲ့ကာ စုပေါင်း သွေးလှူဒါန်းမှုများကို ၂၀၁၆ ခုနှစ်မှ စတင် စီစဉ် ဆောင်ရွက်ခဲ့ရာ ယခုအခါ (၁၃) ကြိမ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန