နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်းမြို့၊ ဓနုဖြူမြို့၊ ဇလွန်မြို့၊ လေးမျက်နှာမြို့၊ ဟင်္သာတမြို့နှင့် ပုသိမ်မြို့များရှိ ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ  ၁၃ ရက်နေ့ နံနက်ပိုင်းတွင်  ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ ပန်းလှိုင်မြစ်ကမ်းပါး ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းနေရာသို့ ရောက်ရှိရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ယမန်နှစ်ကစပြီး ၃ နှစ် စီမံချက်ချမှတ်၍ အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေများ၊ ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ရေဘေးကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

၎င်းနောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့၊ ခံတပ်ဟောင်းနေရာအနီး၌ ဧရာဝတီမြစ်ရေ မြင့်တက်လာသည့်အခြေအနေနှင့် ဆောင်ရွက်ထားရှိသည့် ကာကွယ်ရေးလုပ်ငန်းများ၊ ဇလွန်မြို့နယ်၊ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုများ ကာကွယ်ရန် မြေထိန်းနံရံ တည်ဆောက်နေသည့် လုပ်ငန်းများသို့ ရောက်ရှိစစ်ဆေးပြီး တည်ဆောက်ထားပြီးသည့် တာဘောင်များ၏အခြေအနေကို မျက်ခြည်မပြတ် ကြည့်ရှုစစ်ဆေး၍ ဦးစားပေးအပိုင်းလိုက် လိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်နိုင်ရေး မှာကြားသည်။

ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထိုမှတစ်ဆင့် ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ရေကြောင်းပြောင်းလဲမှုကြောင့် ရေတိုက်စားကမ်းပြို၍ နှစ်စဉ် ကျေးရွာနှင့် လယ်ယာမြေများ ဆုံးရှုံးမှုဖြစ်ပွားသည့်နေရာသို့ ရောက်ရှိပြီး ဟင်္သာတခရိုင်နှင့် မြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ရေစီးကြောင်း ပြောင်းလဲမှုကြောင့် ကမ်းပါးများ ထပ်မံပြိုကျ ဆုံးရှုံးမှုမရှိအောင် ကာကွယ်နိုင်မည့် အကောင်းဆုံး နည်းလမ်းများ ဖော်ထုတ်စီမံ ဆောင်ရွက်နိုင်ရေး ကိစ္စများအား ရင်းနှီးစွာ ဆွေးနွေးမှာကြားသည်။

နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတဘူတာမှ ခမောက်စုဘူတာထိ RBE ရထားတွဲဖြင့် လိုက်ပါစီးနင်းကာ လမ်းပိုင်းအခြေအနေ၊ ရထားတံတားများနှင့် ဘူတာများ၏ အခြေအနေတို့ကို စစ်ဆေးသည်။ ၎င်းနောက် ခမောက်စုဘူတာမှတစ်ဆင့် လေးမျက်နှာမြို့၊ ဧရာဝတီမြစ်ကမ်းအနီး သမိုင်းဝင် စတုမုခထူပါရုံစေတီတော်မြတ်ကြီး ငဝန်မြစ်ရေတိုက်စားမှုကြောင့် မြေပြိုပျက်စီးမှု ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းခွင်သို့ရောက်ရှိကာ ယမန်နှစ်က ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ယခုနှစ်ဆောင်ရွက်နေဆဲ လုပ်ငန်းအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ရှေးမူမပျက် ပြင်ဆင်ထိန်းသိမ်းရေးအတွက် လိုအပ်ချက်များကို ကြိုးပမ်းဆောင်ရွက်နိုင်ရေး မှာကြားသည်။

၎င်းနောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခမောက်စုဘူတာမှ ပုသိမ်ဘူတာအထိ ရထားလမ်းပိုင်းအား RBE ရထားဖြင့် ဆက်လက်စီးနင်းလိုက်ပါ၍ ရထားလမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်ရေး၊ ရထားလမ်းပိုင်းကြံ့ခိုင်ရေးနှင့် ရထားအမြန်နှုန်း ပိုမိုမြှင့်တင်နိုင်ရေး လိုအပ်ချက်များ လမ်းညွှန်မှာကြားသည်။

ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်အပါဝင် ဒုတိယဝန်ကြီးနှင့် ဝန်ကြီးဌာနတာဝန်ရှိသူများလိုက်ပါ၍ ပုသိမ်မြို့ကမ်းနားလမ်း သို့ရောက်ရှိပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကမ်းနဖူးသာယာလှပရေးနှင့် ပြည်သူလူထု အနားယူအပန်းဖြေနိုင်ရေး လုပ်ငန်းအခြေအနေများကို ကြည့်ရှုကာ သန့်ရှင်းမှုကောင်းမွန်စေရေး၊ ကမ်းနဖူး၏ အလှအပနှင့် လိုက်ဖက်ညီအောင် ဆိပ်ကမ်းတံတားများကိုလည်း လိုအပ်သလို မွမ်းမံပြင်ဆင်ရေး မှာကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဧရာရွှေဝါ ခန်းမဆောင်တွင် ပုသိမ်မြို့၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ကြီးဌာနလက်အောက် ဌာနအဖွဲ့အစည်းများမှ တာဝန်ခံအရာရှိများ၊ ဝန်ထမ်းများအားတွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းကောင်းများပီသစွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရေး၊ ဌာနအလိုက် ရုံးများ၊ အိမ်ရာများ၌ ဝန်ထမ်းများနှင့် မိသားစုများ၏ လိုအပ်ချက်များကို သိရှိအောင်စစ်ဆေး၍ ဖြည့်ဆည်းပေးနိုင်ရေး၊ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာအောင် လေ့ကျင့်ပေးရေး၊ ဌာနစာကြည့်တိုက်များတွင် ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများထားရှိ၊ လေ့လာဖတ်ရှုမှီငြမ်းခြင်းဖြင့် ဝန်ထမ်းများ၏ အတွေ့အကြုံ၊ ဗဟုသုတ တိုးပွားစေရေးတို့အား မှာကြားကာ ဝန်ထမ်းများအား  စားသောက်ဖွယ်ရာ လက်ဆောင်များပေးအပ်သည်။

၎င်းနောက် နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၁၆-၂၀၁၇ ခုနှစ်ကာလ ကတည်းက ရပ်ဆိုင်းထားခဲ့သည့်   ဘဲဂရက်-အိမ်မဲ-လှိုင်သာယာ စီမံကိန်းလမ်းပိုင်း တစ်လျောက်ရှိ ဘူတာများ၏အခြေအနေများ၊ တံတားများ၏အခြေအနေများ၊ သံလမ်းခင်းရန် ကျန်ရှိနေသည့် တာဘောင်နေရာများအား ကြည့်ရှုစစ်ဆေးပြီးနောက် ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ ချို့ယွင်းပျက်စီးနေမှုကို မွမ်းမံထိန်းသိမ်းရေး၊ အစောင့်ဝန်ထမ်းများထားရှိရေး၊ ဆောက်လုပ်ပြီးစီးသည့် ရထားလမ်းများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် စီမံဆောင်ရွက်သွားရန် လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန