နေပြည်တော်၌ ကျင်းပခဲ့သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အားပေး

၉-၂-၂၀၂၃၊ နေပြည်တော်

မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထမနဲထိုးပြိုင်ပွဲကို ယနေ့ ညပိုင်းက နေပြည်တော်ရှိ မြန်မာ့မီးရထား ဘူတာကြီး၌ ကျင်းပ ပြုလုပ်ပါသည်။ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ပြိုင်ပွဲဝင်အသင်းများ၊ ဝန်ထမ်းများ တက်ရောက် အားပေးကြပါသည်။

ပြိုင်ပွဲ မစတင်မီ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အမှာစကား ပြောကြားရာ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ယခုထမနဲထိုး ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မိမိတို့ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သည့်အတွက် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှုတို့ တည်တံ့နေခြင်းဖြစ်ကြောင်း၊ ယဉ်ကျေးမှုကွယ်ပျောက်လျှင် လူမျိုးနှင့် ဘာသာစာပေလည်း ပျောက်ကွယ်မှာဖြစ်ကြောင်း၊ မျိုးချစ်စိတ်ရှိသူတိုင်းက မိမိတို့ အစဉ်အလာကောင်းများကို မပျောက်ပျက်အောင် ကြိုးပမ်းလေ့ရှိကြောင်း၊ မိမိတို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ် ချမှတ် ဆောင်ရွက်လျက်ရှိရာ လူမှုရေးဦးတည်ချက်တွင် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေးစိတ်ဓါတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” အချက်လည်း ပါရှိကြောင်း၊ ထမနဲထိုးခြင်းသည် တစ်ဦးကောင်း တစ်ယောက်ကောင်းနှင့် ဆောင်ရွက်နိုင်သည့် ကိစ္စမဟုတ်ဘဲ အားလုံးတက်ညီလက်ညီ စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်မှသာ အောင်မြင်နိုင်သည့်အတွက် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြဘို့ မှာကြားလိုကြောင်း ပြောကြားကာ ပြိုင်ပွဲအစီအစဉ်များကို စတင်ခဲ့ပါသည်။

ယခုကျင်းပသည့် ထမနဲထိုးပြိုင်ပွဲသို့ နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြိုင်ပွဲဝင် အသင်း (၈) သင်းက ပါဝင်ယှဉ်ပြိုင်ကြကာ အနိုင်ရရှိသည့် အသင်းများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန