နေပြည်တော်၌ ကျင်းပခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်အားပေး

၁၅-၂-၂၀၂၂

          မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထမနဲထိုးပြိုင်ပွဲကို ယနေ့ ညပိုင်းက နေပြည်တော်ရှိ မြန်မာ့မီးရထား ဘူတာကြီး၌ ကျင်းပပြု လုပ်ပါသည်။ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ ပြိုင်ပွဲဝင်အသင်းများ၊ ဝန်ထမ်းများ တက်ရောက် အားပေးကြပါသည်။

          ပြိုင်ပွဲ မစတင်မီ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်သည့်အနေဖြင့် ယခုထမနဲထိုး ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ မိမိတို့ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ သည့်အတွက် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှုတို့ တည်တံ့နေခြင်းဖြစ်ကြောင်း၊ ယဉ်ကျေးမှု ကွယ်ပျောက်လျှင် လူမျိုးနှင့်ဘာသာစာပေလည်း ပျောက်ကွယ်မှာဖြစ်ကြောင်း၊ မျိုးချစ်စိတ်ရှိသူတိုင်းက မိမိတို့ အစဉ်အလာကောင်းများကို မပျောက်ပျက်အောင် ကြိုးပမ်းလေ့ ရှိကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဉီးတည်ချက် (၉)ရပ် ချမှတ် ဆောင်ရွက်လျက်ရှိရာ လူမှုရေး ဦးတည်ချက်တွင် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဟူသော အချက်လည်း ပါရှိကြောင်း၊ ထမနဲထိုးခြင်းသည် တစ်ဦးကောင်း တစ်ယောက်ကောင်းနှင့် ဆောင်ရွက်နိုင်သည့် ကိစ္စမဟုတ်ဘဲ အားလုံး တက်ညီ လက်ညီ စည်းလုံး ညီညွတ်စွာ ဆောင်ရွက်မှသာ အောင်မြင်နိုင်သည့်ကိစ္စ ဖြစ်သည့်အတွက် အချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် ဆောင်ရွက်ကြဘို့ မှာကြားလိုကြောင်း ပြောကြားကာ ပြိုင်ပွဲအစီအစဉ်များကို စတင်ခဲ့ပါသည်။

          ယခုကျင်းပသည့် ထမနဲထိုးပြိုင်ပွဲသို့ နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဌာန(၉)ခုတို့မှ ပြိုင်ပွဲဝင် အသင်းများက ပါဝင် ယှဉ်ပြိုင်ကြကာ အနိုင်ရရှိသည့် အသင်းများကို ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။