နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့ မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၊ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၅-၁၁-၂၀၂၅  ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဆူလူပင်လယ်ပြင်(Sulu Sea)တွင် ဖြစ်ပေါ် နေသော တိုင်ဖွန်းမုန်တိုင်း“ခန့်မေဂီ” (KALMAEGI)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ တိုင်ဖွန်း မုန်တိုင်း“ခန့်မေဂီ”သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ရပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကယားပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းပြီး နေရာကွက်၍ မိုးကြီးမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။                  မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်                                             မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်                                နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။