ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

( ၈ - ၉ - ၂၀၂၂ )

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် စက်တင်ဘာလ(၈)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေတိုက်စား ကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည်၊ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့ လိုက်ပါလျက် ရန်ကုန်မြို့မှ နံနက်ပိုင်းတွင် ထွက်ခွာလာရာ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့သို့ ရောက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ညောင်တုန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရန်ကင်းစံရာ ကူးတို့ဆိပ်၏ အောက်ဘက်တွင် ကမ်းပါးမြေသား နိမ့်ကျမှု ဖြစ်ပေါ်နေသော နေရာတွင် အခိုင်အမာ ကာကွယ်ရေး လုပ်ငန်းများ မဆောင်ရွက်နိုင်မီ ကမ်းပါးပြိုကျမှုသက်သာစေရန် ယာယီကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှု စစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယာယီကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ကမ်းပါး ရေရှည် တည်တံ့မည့် အခိုင်အမာကာကွယ်ရေးအတွက် Deep Foundation အမျိုးအစားကို အခြေခံ၍ Bore Pile အခြေပြု ကျောက်ပြားကပ် တမံ တည်ဆောက်ရေးအတွက် ဆောင်ရွက်မည့် ဒီဇိုင်းပုံစံများကို အသေးစိတ် ရှင်းလင်းတင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးက ညောင်တုန်းမြို့ ကမ်းပြိုမှုအတွက် စိုးရိမ်ရသည့် အခြေအနေမရှိအောင် ရေးဆွဲထားသည့် ဒီဇိုင်းအတိုင်း စံချိန်စံညွှန်းပြည့်မီအောင်နှင့် ရေရှည်တည်တံ့ ခိုင်ခံ့အောင် စနစ်တကျ ဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့သို့ ရောက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဧည့်ရိပ်သာတွင် ဟင်္သာတမြို့ရှိ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ ဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဌာနအလိုက် တာဝန်ရှိသူများက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအိမ်ရာ လိုအပ်ချက် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး၊ ရုံးဌာနများနှင့် ဝန်ထမ်းလိုင်းခန်းများ သန့်ရှင်းသာယာအောင် ဆောင်ရွက်ရေး၊ မိမိဌာန၏ ရည်မှန်းချက်၊ လုပ်ငန်း တာဝန်များကို အောင်မြင်အောင် ကြိုးပမ်း ထမ်းဆောင်ကြရေး၊ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ လုံခြုံရေး သတိရှိစွာ တာဝန်ထမ်းဆောင်ကြရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

၎င်းမှဆက်လက်ထွက်ခွာလာရာ နေ့လယ်ပိုင်းတွင် လေးမျက်နှာမြို့နယ်ရှိ သမိုင်းဝင် စတုမုခ ထူပါရုံစေတီတော်ကြီး တည်ရှိရာ ကမ်းပါးအား ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှု ကာကွယ်ရေး လုပ်ငန်းခွင်သို့ရောက်ရှိပြီး စေတီတော်မြတ်ကြီးအား ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ငဝန်မြစ် ရေလမ်းကြောင်းအား  ပြုပြင် ထိန်းသိမ်းရေး ရေလွှဲရေကာ နံရံများ တည်ဆောက်ခြင်း၊ သောင်တူးဖော်ခြင်း၊ အခြေထိန်း Bore Pile တည်ဆောက်ခြင်း၊ ကမ်းပါးဆင်ခြေလျောတွင်  Geo Bag များ ချခင်းခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများအချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ပြီး ကမ်းပြိုမှုများ မဖြစ်စေရေး စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန