ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၁၃-၂-၂၀၂၃

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဖေဖော်ဝါရီလ(၁၃) ရက်နေ့တွင် မြန်မာ့မီးရထား၏ စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် နေ့လယ်ပိုင်းတွင် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)သို့ ရောက်ရှိလာရာ ဒုတိယဝန်ကြီး၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပါသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး မှ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၏ ထုတ်လုပ်/ပြင်ဆင်မှု ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ၁၀-၉-၂၀၂၁ ရက်နေ့ စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့ လာရောက်စဉ် လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ဆက်လက်၍ အထွေထွေမန်နေဂျာ(အင်ဂျင်နီယာ/စီမံ)မှ  မြင်းကောင်ရေ (၁၂၀၀) အား ဒီဇယ်လျှပ်စစ်စက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ်မှု အခြေအနေများ၊ ထုတ်လုပ် တပ်ဆင် ပြီးသည့် ဒီဇယ်လျှပ်စစ်စက်ခေါင်းသစ်များ၏ စမ်းသပ်မောင်းနှင်ပြီးစီးမှု အခြေအနေများ၊ ဒီဇယ် လျှပ်စစ်ရထားတွဲ(DEMU) စမ်းသပ်တည်ဆောက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက စက်ခေါင်းသစ် ထုတ်လုပ်တပ်ဆင်မှု လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများအား အလေးထားဆောင်ရွက်ရန်၊ တပ်ဆင်ထုတ်လုပ်ရန် ကျန်ရှိနေသည့် စက်ခေါင်းများအား သတ်မှတ်အချိန်ဇယား (Working Schedule)နှင့်အညီ ပြီးစီး အောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး သည် စက်ရုံအတွင်းသို့သွားရောက်၍ မြင်းကောင်ရေ (၁၂၀၀)အား ဒီဇယ်လျှပ်စစ်စက်ခေါင်းသစ်(၄)ခေါင်း တပ်ဆင်ထုတ်လုပ် ပြီးစီး နေမှုအခြေအနေများနှင့် ဒီဇယ်လျှပ်စစ်ရထားတွဲ(DEMU)စမ်းသပ် တည်ဆောက်နေမှု အခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ တပ်ဆင်ထုတ်လုပ်ပြီးစီးသည့် စက်ခေါင်းသစ်တစ်ခေါင်း စမ်းသပ် မောင်းနှင်မှုအား ကြည့်ရှုစစ်ဆေးပြီးနောက် ထုတ်လုပ်ပြီးစီးသည့် စက်ခေါင်းများကို အမှန်တကယ် လိုအပ်နေသည့် လမ်းပိုင်းများ၌ ခရီးသည်ရထား ခရီးစဉ်များတွင် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)တွင် မြန်မာ့မီးရထား ကျွမ်းကျင် အင်ဂျင်နီယာ ဝန်ထမ်းများက မြင်းကောင်ရေ (၁၂၀၀)အားရှိ ခေတ်မီဒီဇယ်လျှပ်စစ် စက်ခေါင်းသစ် များကို ကိုယ်တိုင်ထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိရာ စက်ခေါင်းသစ် ()ခေါင်းအား တည်ဆောက်ပြီးစီး၍ ပဉ္စမမြောက် စက်ခေါင်းသစ်ကိုလည်း ဆက်လက် တည်ဆောက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပြီးစီးနိုင်ရန်အတွက် ဝန်ထမ်းများက ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ စက်ခေါင်းသစ်များအား သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆက်လက် တည်ဆောက်သွားမည် ဖြစ်ပြီး အဆိုပါ စက်ခေါင်းသစ်များအား မြန်မာ့မီးရထား လမ်းပိုင်းများရှိ လူစီးရထား ခရီးစဉ်များတွင် အသုံးပြု ပြေးဆွဲသွားမည် ဖြစ်ပါသည်။

စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)မှ ကနဦးတွင် တောင်ပေါ် လမ်းပိုင်း ပြေးဆွဲသည့် ရထားများနှင့် ကုန်ရထား ခရီးစဉ်များအတွက် အသုံးပြုနိုင်မည့် မြင်းကောင်ရေ (၂၀၀၀)အား ဒီဇယ်လျှပ်စစ် စက်ခေါင်းသစ် (၁၀)ခေါင်းကိုလည်း ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် တပ်ဆင်ထုတ်လုပ်ခဲ့ပြီး လမ်းပိုင်းများတွင် အသုံးပြုပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန