ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လက်အောက်ဌာနများကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၆) ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ဇွန်လ(၂၅)ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံ (အင်းစိန်)၊ လေကြောင်းပညာသိပ္ပံနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၀၇၃၀)နာရီအချိန် မြို့ပတ်ဒီဇယ်စက်ခေါင်းစက်ရုံ (အင်းစိန်)သို့ ရောက်ရှိရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံမှ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံချိန်တွင် ပြည်ထောင်စုဝန်ကြီးက မြို့ပတ်ရထားများ ပြေးဆွဲပေးခြင်းဖြင့် ရန်ကုန်မြို့နေ ပြည်သူများ သက်တောင့်သက်သာ အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်၍ ရထားများ ပုံမှန် ပြေးဆွဲနိုင်ရေးနှင့် ခေါက်ရေ တိုးတက် ပြေးဆွဲနိုင်ရေးဆောင်ရွက်ရန်၊  ယခင်က မြို့ပတ်ရထား ပြေးဆွဲမှု ရပ်တန့်ခဲ့သော်လည်း ယခုအချိန်တွင် လက်ဝဲရစ်၊ လက်ယာရစ် လမ်းကြောင်း (၂)ခုကို ပြန်လည် ပြေးဆွဲပေးနိုင်ပြီးဖြစ်၍ အခက်အခဲများကြားက စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်စွာဖြင့် တာဝန်အား ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများကို အသိအမှတ်ပြုပါကြောင်းနှင့် ဌာန အကြီးအကဲများအနေဖြင့် မြို့ပတ်ရထားများ နေ့စဉ် ပုံမှန် ပြေးဆွဲပေးနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားပြီး စက်ရုံမှ အရာထမ်း၊ အမှုထမ်းများအား စားသောက်ဖွယ်ရာ များ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံဝန်းအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးပြီး မြို့ပတ်ဒီဇယ် စက်ခေါင်းစက်ရုံ တိုးချဲ့ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းနေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။ ထို့နောက် မြို့ပတ် ရထားလမ်းတွင် အသစ်ပြေးဆွဲမည့် DEMU ရထား တွဲဆိုင်းအသစ်နှင့် လက်ရှိ ပြေးဆွဲနေသော RBE ရထားတွဲဆိုင်းများအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာရာ (၀၈၃၀)နာရီအချိန် လေကြောင်းပညာသိပ္ပံသို့ ရောက်ရှိချိန်၌ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လေကြောင်းပညာသိပ္ပံ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက်လေကြောင်းပညာသိပ္ပံ ဧည့်ခန်းတွင် ကျောင်းအုပ်ကြီးက လေကြောင်းပညာသိပ္ပံ၏ သမိုင်းကြောင်း၊ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ ဖွင့်လှစ်ခဲ့သော သင်တန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် အနာဂတ်ကာလ ဆောင်ရွက်မည့် အစီအမံများကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားပါသည်။ ထို့နောက် ခန်းမဆောင်တွင် ကျောင်းအုပ်ကြီးနှင့်အတူ သင်ကြားရေးနှင့် နည်းပညာအကူပေးရေးဌာနများမှ ဌာနမှူးများ၊ ကထိကများ၊ နည်းပြများ၊ အုပ်ချုပ်စီမံဌာနမှ သန္ဓေဝင် အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံချိန်တွင် ပြည်ထောင်စုဝန်ကြီးက လေ့ကျင့် သင်ကြားပေးမှု ကောင်းမွန်မှသာ လက်တွေ့နယ်ပယ်တွင် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်၍ စနစ်တကျ လေ့ကျင့် သင်ကြားပေးရန်၊ သင်ရိုးဇယားများ ခေတ်နှင့်လျော်ညီစွာ ရေးဆွဲ သင်ကြားပေးရန်နှင့် သင်ကြားရေး အထောက်အကူ ပစ္စည်းများ ကောင်းမွန် ပြည့်စုံမှု ရှိရန်၊ ဘာသာရပ်မျိုးစုံ သင်ကြားပေးရသည်ဖြစ်၍ နည်းပြများ ပြည့်စုံစွာဖြင့် လေ့ကျင့် သင်ကြားပေးနိုင်ရေး ဆောင်ရွက်ရန်၊ ဌာနအကြီးအကဲများ အနေဖြင့် မိမိလက်အောက် ဝန်ထမ်းများကို လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အခြေအနေများကို နားလည် သဘောပေါက်အောင် ရှင်းလင်း ပြောကြားရန်နှင့် ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လမ်းညွှန် မှာကြားပြီး ကျောင်းမှ နည်းပြ၊ အရာထမ်း၊ အမှုထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ ရှိရာသို့ သွားရောက်၍ သင်ကြားမှု အခြေအနေ ကြည့်ရှု စစ်ဆေးခြင်း၊ သင်/ထောက်/ကူ ပစ္စည်းများအား လှည့်လည် ကြည့်ရှု စစ်ဆေးခြင်းတို့ ဆောင်ရွက်ပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများ အပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး လေဆိပ်အစည်းအဝေးခန်းမ၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူက ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ စောလျင်စွာ ပြီးစီးရေး ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ ဦးစားပေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် လေဆိပ်ဝန်ဆောင်မှုများ ဗဟိုထိန်းချုပ်ရေး ခန်းမ Airport  Operation Control Centre (AOCC) သို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူက လေဆိပ် ဝန်ဆောင်မှုလုပ်ငန်းများ ထိန်းချုပ် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။ ထို့နောက် အသစ် ဆောက်လုပ် ပြီးစီး၍ အသုံးပြုနေသော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal(1) နေရာရှိ Check In, Check Out နေရာများ၊ ခရီးဆောင်အိပ်များ ရွေးယူသည့်နေရာများ၊ ခရီးသည် နားနေခန်းများကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန