ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိဌာနများကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး

၂၀၂၂ခုနှစ် ၊ ဧပြီလ (၇) ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဧပြီလ(၇)ရက်နေ့တွင် နေပြည်တော်နယ်မြေ အတွင်းရှိ မြန်မာ့မီးရထား၊ စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)နှင့် သတင်း အချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် (၀၈၀၀)နာရီအချိန်တွင် မြန်မာ့မီးရထား၊ စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)သို့ ရောက်ရှိလာရာ ဒုတိယဝန်ကြီးနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက်စက်ရုံ၏ ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီး အား မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက စက်ရုံဆိုင်ရာ အချက်အလက်များနှင့် စွမ်းဆောင်နိုင်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင် ဝန်ထမ်းများ စဉ်ဆက်မပြတ် လေ့ကျင့်၊ မွေးထုတ်၊ တာဝန်ပေးနိုင်ရေးကိစ္စ၊ အနာဂတ် ရည်မှန်းချက်များနှင့်အညီ အရည်အသွေး ပြည့်ဝသည့် စက်ခေါင်းသစ်များ လျာထားချက်နှင့်အညီ တပ်ဆင် ထုတ်လုပ်နိုင်ရေးကိစ္စတို့ကို မှာကြား ပြီး လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံ၌ တပ်ဆင်ထားသည့် စက်ပစ္စည်း ကိရိယာများ ထိန်းသိမ်းထားရှိမှု၊ အသုံးချ ဆောင်ရွက်နေမှုအခြေအနေ၊ မြင်းကောင်ရေ (၁၂၀၀)အား စက်ခေါင်းသစ်များ တပ်ဆင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ အသုံးပြုနေဆဲ စက်ခေါင်း အချို့ ပြုပြင် မွမ်းမံ ပြင်ဆင်ပေးမှုလုပ်ငန်းတို့ကို လှည့်လည် ကြည့်ရှု့ စစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် မြန်မာ့မီးရထား၊ စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်) မှ ပြန်လည် ထွက်ခွါခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနသို့ ရောက်ရှိရာ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ကြိုဆို ခဲ့ကြပြီး အစည်းအဝေးခန်းမတွင် e-Government ဌာန တာဝန်ရှိသူက ဝန်ကြီးဌာနများ အလိုက် ထားရှိသော e-Government Data Center လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ၊ ဝန်ဆောင်မှု ပေးနေသည့် အခြေအနေနှင့် ဆောင်ရွက်နေဆဲဖြစ်သည့်    e-Government Integrated Data Center တည်ဆောက်ရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက သတ်မှတ်အချိန်ဇယားအတိုင်း ပြီးစီးရေး၊ အဆောက်အဦ အရည်အသွေး ကောင်းမွန်ရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Security Operation Center (SOC) နှင့် e-Government Data Center စက်ခန်းတို့သို့ ကြည့်ရှု့ စစ်ဆေးပါသည်။ ၎င်းနောက် အမျိုးသား ဆိုက်ဘာလုံခြုံရေး နည်းပညာဆိုင်ရာ ရုံး အဆောက်အဦအသစ် တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိ စစ်ဆေးရာ တာဝန်ရှိသူမှ တည်ဆောက်ပြီးစီးမှု အခြေအနေကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား လမ်းညွှန် မှာကြား ခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် e-Government Integrated Data Center တည်ဆောက်ခြင်း စီမံကိန်း ဆောင်ရွက်မည့် မြေနေရာသို့ သွားရောက် ကြည့်ရှု စစ်ဆေးရာ ဌာနတာဝန်ရှိသူများက စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အဆောက်အဦများဆောက်လုပ်ရန် လျာထားမှု များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန