ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိဌာနများကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၉) ရက်

          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ဧပြီလ (၁၈)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ ပြင်ဦးလွင်ဘူတာ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနများကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် (၁၂၅၀)နာရီအချိန် ပြင်ဦးလွင်ဘူတာသို့ ရောက်ရှိရာ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှုးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ပြည်ထောင်စု ဝန်ကြီးအား ပြင်ဦးလွင်ဘူတာ ဧည့်ခန်း၌ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူများက ဘူတာကို ရှေးမူမပျက် ပြုပြင် ထိန်းသိမ်း မွမ်းမံထားမှု အခြေအနေများ၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းလိုင်းခန်းများ တည်ဆောက်ထားမှု အခြေအနေများ၊ အထက်အကြီးအကဲများ၏ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဘူတာယာဒ်ဝန်း သန့်ရှင်း သာယာ လှပရေး ဆောင်ရွက်ထားမှု အခြေအနေများ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ဖြည့်စွက် မှာကြားပြီး ဘူတာဧည့်ခန်းအတွင်းရှိ ရှေးဟောင်းဓာတ်ပုံများ ပြုပြင် တပ်ဆင်ပြီးစီးမှု၊ ပြင်ဦးလွင်ဘူတာ သန့်ရှင်း သာယာ လှပရေးဆောင်ရွက်ထားရှိမှု၊ စင်္ကြန် ပလက်ဖောင်း ကြမ်းခင်း ကွန် ကရစ်ခင်းခြင်း ဆောင်ရွက်ထားရှိမှုနှင့် ဘူတာရှေ့ ကားရပ်နားနေရာ ကတ္တရာလမ်း ထပ်ပိုးလွှာ ခင်းထားမှုတို့ကို ကြည့်ရှု စစ်ဆေးပါသည်။

          ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၁၄၁၀)နာရီတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံး၌ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရှိ ဌာနများသည် အများပြည်သူအား ဝန်ဆောင်မှုပေးသည့် ဌာနများ ဖြစ်သည့်အတွက် အများ၏ ယုံကြည်စိတ်ချရမှု ရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ ဘူတာရုံများနှင့် ရထားများ သန့်ရှင်း သပ်ရပ်မှု ရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ ဌာနများ၏ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများ ကျန်းမာရေးအတွက် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းသက်သာ ချောင်ချိရေး အတွက် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဌာနများမှ တာဝန်ရှိသူများက ဌာနနှင့် ပတ်သက်သည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဖြည့်ဆည်း မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံး အတွင်းရှိ ယာဉ်မောင်းလိုင်စင်ဌာန၊ ယာဉ်စစ်ဆေးရေးဌာန၊ ယာဉ်မှတ်ပုံတင်ဌာနတို့အား လိုက်လံ ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။  

          ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၁၅၅၀)နာရီတွင် ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီးနောက်  ယာဉ်လုပ်ငန်းလိုင်စင် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းသက်သာ ချောင်ချိရေး အတွက် ဝန်ထမ်းများ တပိုင်တနိုင် စိုက်ပျိုးထားသည့် စတော်ဘယ်ရီ စိုက်ခင်းများအား ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန