ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ ဩဂုတ် ၂၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ (၂၂) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအဖွဲ့အစည်း(၁၉)ခုမှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ စုံညီစွာတက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်‌ထောင်စုဝန်ကြီးက ကျင်းပ ပြီးစီးခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ (၆)လပတ်ကာလ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များအား ထပ်ဆင့် ရှင်းလင်းပြောကြားပြီး၊ ဌာနအကြီးအကဲများက ဌာနအလိုက်ချမှတ်ထားသည့် မူဝါဒ၊ ရည် မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းအင်အားအခြေအနေ၊ ဘဏ္ဍာငွေရှာဖွေနိုင်မှုနှင့် သုံးစွဲမှု၊ စီမံကိန်းများ အကောင်အထည်ဖော်နိုင်မှု၊ ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားရေး လေ့ကျင့် သင်ကြားမှုများ၊ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်မှု၊ အသစ်ရေးဆွဲမှု၊ (၆)လပတ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု၊ အထွေထွေကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အသီးသီးရှင်းလင်း တင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဌာနအလိုက် ရည်မှန်းချက်နှင့် လုပ်ငန်း တာဝန်များ အောင်မြင်စေရေးအတွက် စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်သင့်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။