ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ပို့ဆောင်ရေး)မှ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ လာရောက်ကြည်ရှုစစ်ဆေးခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ (၆-၁၂-၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် သို့ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများမှ ခရီးဦးကြိုဆိုခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီး(ပို့ဆောင်ရေး)ကို အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးမှ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၏ သမိုင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ ရည်မှန်းချက်တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပို့ချမှု အစီအစဉ်များ၊ ဖွဲ့စည်းပုံ၊ လက်ရှိလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်ချက်များ၊ နောင်ဆောင်ရွက်မည့်အစီအမံများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည့်လမ်းညွှန်ချက်များ မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး(ပို့ဆောင်ရေး)မှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စာသင်ခန်းများ၊    Simulator     များ၊    Laboratory   အခန်းများနှင့် စာကြည့်တိုက်တို့အား လှည့်လည်စစ်ဆေးခဲ့ပြီးနောက် အရာရှိလောင်းစားရိပ်သာတွင် ကျောင်းအုပ်ကြီးနှင့် တာ၀န်ရှိသူများ၊ ပထမနှစ်နှင့် ဒုတိယနှစ်အရာရှိလောင်း (၂၅၆)ဦးတို့အား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ခင်မင်ရင်းနှီးစွာ အတူတကွ နေ့လည်စာစားသောက်သုံးဆောင်ခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အရာရှိလောင်း အိပ်ဆောင်(၁)နှင့် အားကစားခန်းမတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။