ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်မြိုင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင် ဆောင်ရွက်နေမှုများအား RBE ရထားဖြင့် စီးနင်းလိုက်ပါ ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာ  ၁၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းအမှတ် (၇) ၊ ရန်ကုန်မှ တိုင်းတာဝန်ခံ အရာရှိများ နှင့်အတူ RBE ရထားဖြင့် စီးနင်း လိုက်ပါ၍ ရန်ကုန်မြို့ပတ် ရထားလမ်း တစ်လျှောက် အဆင့်မြှင့်တင် ဆောင်ရွက်မှု အခြေအနေများအား စစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း ဘူတာများ အဆင့်မြှင့်တင် ဆောင်ရွက်မည့် အခြေအနေများ၊ မြို့ပတ်ရထားများ ပြေးဆွဲရာတွင် အန္တရာယ် ကင်းစွာဖြင့် အရှိန်မြှင့်တင် ပြေးဆွဲနိုင်ရေးအတွက် ခြံစည်းရိုး အကာအရံ ဆောင်ရွက်နေမှု အခြေအနေများ၊ လူကူးခုံးကျော်တံတားများ အဆင့်မြှင့်တင် ပြုပြင်နေမှု အခြေအနေများ၊ ရထား လမ်းပိုင်းအတွင်း အဆင့်မြင့် အချက်ပြဆက်သွယ်ရေးစနစ် တပ်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရထားလမ်းတစ်လျှောက် လမ်းပိုင်းပြုပြင် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများအား စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ဒုတိယဝန်ကြီးက ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ Diesel Electric Multiple Unit (DEMU) ရထားများ ရောက်ရှိချိန်တွင် လမ်းပိုင်းအတွင်း ကီလိုမီတာ (၆၀) နှုန်းဖြင့် တိုးမြှင့်ပြေးဆွဲရန် စီစဉ်ထားသဖြင့် ရထားလမ်းပြုပြင်ထိန်းသိမ်းရာ၌ Maintenance Manual  အတိုင်း ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်၊  အချို့ဘူတာများတွင် Transit Oriented Development (TOD) စနစ် အသုံးပြုနိုင်ရေး ကြိုတင်စဉ်းစားဆောင်ရွက်ထားရန်၊ DEMU ရထားများ ပြေးဆွဲပါက ခရီးသွားများ အဆင်ပြေစေရေးအတွက် ဘူတာပလက်ဖောင်းများကို Level မြှင့်တင်ဆောင်ရွက်ရန်နှင့် ရထားလမ်း လုံခြုံ အန္တရာယ်ကင်းရှင်းရေးအတွက် ခြံစည်းရိုးများ နှစ်အလိုက် ဦးစားပေး ကာရံသွားရန် တို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့ပြင် လက်ရှိ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအတွင်း ပြေးဆွဲနေသည့် ရထားတွဲများသန့်ရှင်း သပ်ရပ်စေရေး၊ ရထားလမ်းဘေး ဝဲယာတစ်လျှောက် သန့်ရှင်း သာယာ လှပစေရန် ပန်းအလှပင်များ စိုက်ပျိုးသွားရေးနှင့် ရထားလမ်းဘေး၌ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်မှု မရှိစေရေး သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန