ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အတာသင်္ကြန်ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဇနီးတို့သည် ယနေ့ညနေပိုင်းတွင် မြန်မာ့မီးရထား နေပြည်တော်ဘူတာကြီးဝင်းအတွင်းရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ရိုးရာ အတာသင်္ကြန်ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ရေကစားမဏ္ဍပ်တွင်ဝန်ကြီး ဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ယိမ်းအဖွဲ့များကို ဂုဏ်ပြုဆုငွေများချီးမြှင့်ပြီး စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးသည်။

ဆက်လက်၍ အစီအစဉ်များအတိုင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန် ရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကျင်းပရာ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်း အသီးသီး၏ ယိမ်းအဖွဲ့ ကိုးဖွဲ့က မန်းတောင်ရိပ်ခိုသီချင်း သီဆိုပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့ ဦးဆောင်သော ဒုတိယဝန်ကြီးများ၊ ဌာနအကြီးအကဲများ၊ ၎င်းတို့၏ ဇနီးများနှင့် မိသားစုများက အတာရေပက်ဖျန်းကာ ရေကစားမဏ္ဍပ်ကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန