ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ ဇွန်လ   ၄   ရက်

          ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ပညာ သင်ကြားနေကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက် ဌာန၊အဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်းများ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအတွက်‌ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၌ ယနေ့ ဇွန်လ(၄)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအမှူးများ နှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနအဖွဲ့အစည်း အသီးသီးမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာတွင် ပညာရည်မြင့်မားရေးသည် အဓိကအရေးကြီးဆုံးဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး ဟူသော ဦးတည်ချက်ဖြင့် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျှက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာစေရန် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ပညာရေး အဆင့်အတန်း မြင့်မားလာစေရေးကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အသီးသီးက အလေးထား ကြိုးစား ဆောင်ရွက်နေသည့်အတွက် မိမိတို့ရင်သွေးငယ်များအား ပညာထူးချွန်ပြီး နှလုံးရည် ပြည့်ဝသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် ဝိုင်းဝန်းကူညီဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုပညာ သင်နှစ် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ဝန်ထမ်းများ၏ မိသားစုဝင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူ ၁၄,၄၃၀ ဦးတို့အတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်သွားမှာဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်း အောင် စာရင်း ထုတ်ပြန်ပြီးပါကလည်း ဝန်ထမ်းများ၏ ထူးချွန်စွာ အောင်မြင်သည့် သားသမီးများကို ပညာ ရည်ချွန်ဆု ချီးမြှင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဝန်ကြီးဌာနရှိ ဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၏ သားသမီးများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ပြည်ထောင်စုဝန်ကြီးမှ ပေးအပ်ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၏ ဇနီးမှလည်းကောင်း၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများမှလည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြပါသည်။

          ၎င်းနောက် တက်ရောက်လာသည့် ကျောင်းသားမိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦးမှ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

          ယနေ့အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်း မိသားစုများ၏ ရင်သွေးငယ် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ ကျောင်းသူ ၁၄,၄၃၀ ဦး တို့အတွက် ကျောင်းစိမ်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။