ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော်၊ ဇွန် ၂၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ဘူတာကြီးဝင်းအတွင်းရှိ မြေကွက်လပ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ မိသားစုများ၊ ဝန်ထမ်းများတက်ရောက်ကြသည်။

အခမ်းအနားစတင်ချိန်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့ကဦးဆောင်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက ရတနာတန်းဝင်ကျွန်းပင်၊ ပိတောက်၊ ပျဉ်းကတိုးနှင့် အရိပ်ရလေကာပင် စုစုပေါင်း(၁,၀၀၀)ပင်ကို စိုက်ပျိုးခဲ့ကြပြီး ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုက်လံကြည့်ရှုအားပေးသည်။

ယနေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဝန်ကြီးဌာနအောက်မှ ဌာန၊ အဖွဲ့အစည်းများတွင်လည်း တစ်ချိန်တည်းတစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပကြပြီး ရတနာတန်းဝင်အပင်၊ အရိပ်ရလေကာပင်နှင့် သီးပင်စားပင်မျိုးစုံ စုစုပေါင်း(၂၃,၇၉၃)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိ သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန